မိုးနဲ ဩဂုတ် ၁၇
ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ မိုးရာသီကာလအတွင်း သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှု လျော့နည်းစေရန် ကြိုတင် ကာကွယ်ရေးနှင့် အဘိတ်ဆေးခတ်ခြင်းကို ယနေ့ နံနက် ၇ နာရီခွဲ အချိန်က မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ လွိုင်မြေ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ ပူးပေါင်းကာ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ ဆရာမ ဒေါ်သင်းလဲ့လဲ့ထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ လွိုင်မြေ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းကျော်ကျော်နိုင်နှင့် စာရေးဝန်ထမ်းများက မိုးရာသီအတွင်း ခြင်ကိုက်ခြင်းကြောင့် အဖြစ်များလေ့ရှိသော သွေးလွန် တုပ်ကွေးရောဂါသည် အရွယ်သုံးပါးမရွေး ဖြစ်ပွားနိုင်သောကြောင့် ကြိုတင်ကာကွယ်ရေးအနေဖြင့် မိမိအိမ်ဝန်းကျင်တွင် ခြင်များမခိုအောင်းစေရန် ချုံများအားခုတ်ထွင် ရှင်းလင်းကြရန်၊ ပိုးလောက်လန်းများ ပေါက်ဖွားမှု မရှိစေရေးအတွက် ရေများတင်ကျန်နိုင်သော တာယာစုတ်များ၊ အိုးခွက်၊ ရေပုံး၊ ရေခွက်စုတ်များကို ဖုံး၊ သွန်၊ လဲ၊ စစ် စနစ်ဖြင့် ဆောင်ရွက်ကြရန်နှင့် မိသားစုဝင်များ အသုံးပြုသည့် ရေအိုး၊ ရေစည်၊ ရေတိုင်ကီနှင့် သောက်သုံး ရေကန် များကို ခြင်များမခိုအောင်းနိုင်အောင် စနစ်တကျဖုံးအုပ် ထားကြရန် အသိပညာပေးခြင်းနှင့် အဘိတ်ဆေးခတ်ပေးခြင်း လုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ ( မိုးနဲ )