ဖားဆောင်း သြဂုတ် ၁၇
၂၀၂၀ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ ဖွဲ့စည်းရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်ထွန်းက အမှာစကား ပြောကြားပြီး အတွင်းရေးမှူး ဦးကျော်သူရက အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ အထွေထွေ ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေး ကော်မတီ ဖွဲ့စည်းရေးနှင့် အထွေထွေ ရွေးကောက်ပွဲ ဆိုင်ရာ ကိစ္စရပ်များကိုရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာသည့်နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများက စေ့စပ် ညှိနှိုင်းရေး ကော်မတီတွင် ပါတီကိုယ်စားပြုနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ကိုယ်စားပြုပါဝင်မည့် ပုဂ္ဂိုလ်၏ အမည် စာရင်းကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံသို့ ပေးအပ်ကြသည်။
အစည်းအဝေးသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အတွင်း မှတ်ပုံတင် ထားသည့် နိုင်ငံရေးပါတီ (၉)ပါတီမှ တာဝန်ရှိသူများ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း (၂)ဦးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)