ပင်းတယမြို့နယ်၌ အမျိုးသမီးငယ်များအလုပ် အကိုင်အခွင့်အလမ်း ရရှိစေရန် အတွက် အခမဲ့ စက်ချုပ် သင်တန်းဖွင့်

 

ပင်းတယ    ဩဂုတ်    ၁၇

ရှမ်းပြည်(တောင်ပိုင်း)ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ အမျိုးသမီးငယ်များ အလုပ် အကိုင် အခွင့်အလမ်းရရှိစေရန်အတွက် အခမဲ့စက်ချုပ်သင်တန်းကို တောင်ပေါ်ကြီးကျေးရွာ ရွာဦးတပ်ပေါက် ဘုန်းတော်ကြီး ကျောင်း၌ ယနေ့နံနက် ၁၀ နာရီ အချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရ သည်။

ယခုဖွင့်လှစ်သည့် စက်ချုပ်သင်တန်းကို တောင်ပေါ်ကြီးကျေးရွာ ရေကြည်စမ်းပညာဒါန ဖောင်ဒေးရှင်း ဦးဆောင် ဆရာတော် ဒေါက်တာရှင်သုမန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ရွာငံမြို့နယ် အိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်းတို့မှ ပူးပေါင်း၍ဖွင့်လှစ်ခြင်းဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားတွင် ဦးဆောင် ဆရာတော် ဒေါက်တာ ရှင်သုမနက ကိုဗစ်-၁၉ ရောဂါဖြစ် ပွါးနေချိန်တွင် သင်တန်း ဖွင့်လှစ်ရန် မလွယ် ကူကြောင်း ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ သင်တန်းသားဦးရေကို လျော့ချ၍ နှစ်ကြိမ် ခွဲကာ ဖွင့်လှစ်ရန်စီစဉ်ထား ကြောင်း သင်တန်းတက်ရောက်ကြသည့် သမီးငယ်များကိုလည်း ပိုမိုကြိုး စားကြစေလိုကြောင်း ပြောကြားပြီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာ သင်တန်းတွင်အသုံးပြုရန်အတွက်  စုစုပေါင်းငွေကျပ် ၁၀ သိန်းကျော် တန်ဖိုးရှိ ဆက်စပ်ပစ္စည်းများကို သင်တန်းသူများထံ ပေးအပ်ခဲ့သည်။

အဆိုပါ သင်တန်းသို့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယနှင့် ရွာငံမြို့နယ်မှ သင်တန်းသူ (၄၀)ဦး တို့က တက်ရောက်ကြပြီး အခြေခံစက်ချုပ်နည်းများကိုဆရာမကြီး ဒေါ်စိုးစိုးမူကကြီးကြပ်၍ သင်တန်း ဆရာမ ၂ ဦးနှင့် အတူ သင်တန်းကာလ ၁ လကြာသင်ကြားပို့ ချပေးသွားမည်ဖြစ်ကြောင်းသိရပြီး သင်တန်းပြီးဆုံးပါက ထူးချွန် သင်တန်းသူ ၂ ဦးကိုရွေးချယ်၍ အပ်ချုပ်စက်တစ်လုံးစီ ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်မျိုးနွယ်(ပင်းတယ)