အိမ်မဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သားအိမ်ခေါင်း ကင်ဆာအကြောင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး

အိမ်မဲ  သြဂုတ်  ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သားအိမ်ခေါင်း ကင်ဆာအကြောင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများကို အိမ်မဲမြို့နယ် သရက်ကုန်းကျေးရွာ တိုက်နယ်ဆရာဝန် ဦးဆောင်၍  သားအိမ်ခေါင်း ကင်ဆာအကြောင်း သိကောင်းစရာများနှင့် ကာကွယ်ဆေးအကြောင်းတို့ကို အသိပညာပေး ဟောပြော ခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ်အတွင်း ကျေးရွာအုပ်စု ၉၇ အုပ်စု၊ ကျေးရွာပေါင်း ၅၀၅ ရွာရှိရာ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအနေဖြင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများ ထိုးနှံရန်အတွက် ၂၀၁၀ခုနှစ် စက်တင်ဘာလမှ ၂၀၁၁ ခုနှစ် သြဂုတ်လအတွင်း မွေးဖွားသော မိန်းကလေးများ တစ်နည်းအားဖြင့် အသက်(၉)နှစ်မှ (၁၀)နှစ်အထိ မိန်းကလေးများကို စာရင်းများ ကောက်ယူ နေကြောင်းနှင့် ကာကွယ်ဆေးများ ထိုးနှံရန် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများတွင် စာရင်းများ ပေးသွင်းနိုင်ကြောင်း အိမ်မဲမြို့နယ် ဆရာဝန်ကြီး ဒေါက်တာမျိုးကျော်အောင် ပြောကြားချက်အရ သိရသည်။

အလားတူပင် အိမ်မဲမြို့နယ် ခေါင်လံကုန်းကြီး ကျေးရွာအုပ်စု ကြခတ်ကွေ့ကျေးရွာတွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများက Mobile Clinic ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးပညာပေးခြင်း၊ ဆေးကုသခြင်းများ ဆောင်ရွက်ခဲ့ရာ ဆီးချိုစစ်ဆေးသူ(၂၀)ဦး၊ ဆေးကုသပေးသူ (၃၀)ဦးတို့ကို ကျန်းမာရေး စောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)