ဖားကန့် ဥရုချောင်းအထက်ပိုင်း ကံဆီးဒေသ၌ မိုးသည်း၍ စိုးရိမ်ရေမှတ်ကျော်လွန်နေပြီး မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့ ရေစတင်ဝင်ရောက်

ဖားကန့်  ဩဂုတ် ၁၇

ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဥရုချောင်းအထက်ပိုင်း ကံဆီးဒေသ၌ မိုးသည်း၍ ယနေ့နံနက် ၁၀ နာရီကျော်ခန့်တွင် စိုးရိမ်ရေမှတ် ၉ ပေ အမြင့်ထက် ကျော်လွန်နေပြီး ဥရုချောင်းတစ်လျှောက် မှီတင်းနေထိုင်ကြသည့် ကျေးရွာအချို့နှင့် မြို့ပေါ်အနိမ့်ပိုင်းရပ်ကွက်များတွင် ချောင်းရေများ စတင်ဝင်ရောက်လျက်ရှိနေကြောင်း သိရသည်။

မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ တပ်ရင်းမှူး ဦးကျော်ဝင်းဆွေက “ရေကမြို့ပေါ်စဝင်နေပါပြီ၊ အနိမ့်ပိုင်း ရပ်ကွက်တွေဖြစ်တဲ့ ငှက်ပျောတောနဲ့ မြို့မကျောက်ဝိုင်းတွေမှာပါ၊ ဥရုချောင်းဖျား ကံဆီးမှာတော့ ရေက ၉ ပေလောက် မြှင့်တက်နေပြီလို့သိရတယ်၊ ရေတအားဝင်လာလို့ ရွှေ့ပြောင်းရတဲ့သူတွေရှိရင် ကူညီပြောင်းရွှေ့ပေးဖို့‌ ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်”ဟု ပြောသည်။

ဩဂုတ် ၁၀ ရက်နေ့ကလည်း ကံဆီးဒေသ၌ မိုးများခဲ့၍ ဥရုချောင်းရေအမြှင့် ၈ ပေခန့်ထိ မြှင့်တက်ခဲ့မှုကြောင့် ဖားကန့်မြို့ပေါ်ရပ်ကွက်အချို့နှင့် လုံးခင်းကျေးရွာတို့တွင် ချောင်းရေဝင်ရောက်မှု ဖြစ်ပွားခဲ့ပြီး နောက်တစ်ရက် အကြာတွင် ရေပြန်ကျသွားခဲ့ကြောင်းသိရသည်။

တာလင်းမောင်(ပြန်/ဆက်)