မိုးကောင်း ဩဂုတ် ၁၇
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ထုံးရေပေါက်ကျေးရွာ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ၁၆ ကုတင်ဆံ့တိုင်းရင်းဆေးရုံတို့က ယနေ့နံနက် ၁၀ နာရီတွင် နယ်လှည့် စာကြည့်တိုက်၊ တိုင်းရင်းဆေးကုသခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာရှိဓမ္မာရုံတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခြင်း၊ လူကုန်ကူးခံရလျှင် ခံစားရမည့်ဆိုးကျိုးများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေကပေးနိုင်သည့်ပြစ်ဒဏ်များ၊ လူကုန်းကူးခံရပါက ဆက်သွယ်အကူအညီတောင်းခံနိုင်သည့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုများ၊ အထူးဖုန်းလိုင်းများ(Hot line)နံပါတ်များပါဝင်သည့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်၊ သက်ငယ်မုဒိမ်း ကြိုတင်ကာကွယ်ရေးအတွက် မိဘများသတိပြုလိုက်နာရမည့် အချက်များ၊ သက်ငယ်မုဒိမ်းမှု ကြိုတင်ကာကွယ်နိုင်ရေး မိမိသားသမီးများကို သင်ကြားပေးရမည့်အချက်များ၊ သက်ငယ်မုဒိမ်းမှုဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ၊ သက်ငယ်မုဒိမ်းမှုဖြစ်ပွားခဲ့ပါက ဆက်သွယ်ရမည့် အရေးပေါ်နေရာနှင့် ဖုန်းနံပါတ်များ ပါဝင်သည့် သက်ငယ်မုဒိမ်းမှု ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် Covid-19 ရောဂါ ကူးဆက်ပြန့်ပွားမှုကို ဆက်လက်ထိန်းချုပ်ရန် ပြည်သူများအား နှိုးဆော်ခြင်း အသိပညာပေး နံရံကပ်စာစောင်များ ခင်းကျင်းပြသပြီး ၁၆ ကုတင်ဆံ့ တိုင်းရင်းဆေးရုံမှဝန်ထမ်းများက ကျန်းမာရေး ပြသလိုသူများကို သောက်ဆေး၊ လိမ်းဆေးများဖြင့် ကျန်းမာရေးစောင့်ရှောက်ကုသပေးကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာလကြောင့် အဆိုပါကွင်းဆင်းဆောင်ရွက်မှုများ ရပ်နားထားခဲ့ရာမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ယနေ့တွင်ပြန်လည်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
သန်းလွင်ဦး(ပြန်/ဆက်)