ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ကမ်းပါးပြိုနေခြင်းကြောင့် အန္တရာယ်ရှိနေအိမ်အားရွှေ့ပြောင်း

ညောင်ဦး  ဩဂုတ်  ၁၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံနယ်မြေ၊ တောင်ရွာနောင်အုပ်စု၊ အောင်ဇေယျာလင်းကျေးရွာ ဧရာဝတီမြစ်ရေတိုက်စားမြစ်ကမ်းပါးပြိုကျနေခြင်းကြောင့် လူနေအိမ်အား ညောင်ဦးခရိုင်/မြို့နယ် မီးသတ် တပ်ဖွဲ့ဝင်များမှ ယနေ့နံနက်ပိုင်းမှစတင်ကာ ကူညီရွှေ့ပြောင်းပေးနေကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူက ပြောသည်။

ဧရာဝတီမြစ်ကမ်းပါးမြစ်ရေတိုက်စားကာ၊ မြစ်ကမ်းပါးပြိုကျနေခြင်းကြောင့် အန္တရာယ်ရှိလူနေအိမ်အား ကူညီရွှေ့ပြောင်းပေးနိုင်ရန် အောင်ဇေယျာလင်းကျေးရွာ တာဝန်ခံက အကူအညီတောင်းခံလာသောကြောင့် ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူတို့ဦးဆောင်ကာ မီးသတ်ဝန်ထမ်းများ၊ အရန်မီးသတ်များက ဦးထွန်းထွန်းဦး၏ ၂၀ ပတ်လည် သွပ်မိုး၊ ထရံကာ နှစ်ထပ်အိမ်အားလည်းကောင်း၊ ဘေးကင်းရာမြေနေရာသို့ ကူညီရွေ့ပြောင်းပေးခဲ့ပြီး အဆိုပါမိသားစု ယာယီနေထိုင်နိုင်ရန် တဲတစ်လုံးကူညီဆောက်ပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူက ပြောကြားသည်။ မြစ် ကမ်းပါးဆက်လက်ပြိုကျနေပါက လူနေအိမ်များနှင့် တိရစ္ဆာန်များ ရွှေ့ပြောင်းရန်လိုအပ်မည်ဖြစ်ကြောင်း၊ ရွှေ့ပြောင်းဖို့မြေနေရာလည်း လိုအပ်နေကြောင်းသိရကာ မြစ်ကမ်းပါးပြိုကျမှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

ကိုထိန်၊KPD