မယ်စဲ့မြို့နယ်တွင် ပုဂ္ဂလိကမြေယာပိုင်ဆိုင်မှု ရရှိစေရေး မြို့မြေငှားဂရန် ကွင်းဆင်းစစ်ဆေး

မယ်စဲ့  မတ်  ၁၅

ဒေသခံပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ မြေယာအရှုပ်အရှင်းကင်းပြီး အမှုတွဲနှင့် ပြည့်စုံသော နေအိမ်များကို ပုဂ္ဂလိကမြေဂရန် ထုတ်ပေးနိုင်ရေးအတွက် မြို့မြေငှားဂရန် ကွင်းဆင်း စစ်ဆေးခြင်းကို ယမန်နေ့က ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က မယ်စဲ့မြို့ မြောက်ပိုင်းရပ်ကွက်နှင့် တောင်ပိုင်းရပ်ကွက်တို့၌ မြေပြင်တိုင်းတာ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် လက်ရှိအစိုးရသစ်လက်ထက်၌စီမံချက်ဖြင့် မြေယာအရှုပ်အရှင်း မရှိသည့် ပုဂ္ဂလိက နေအိမ်(၈၀)ကို ၂၀၁၇ ခုနှစ်တွင် ပထမအကြိမ်အဖြစ် လည်းကောင်း၊ နေအိမ်(၇၂)အိမ်ကို ၂၀၁၈ ခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် လည်းကောင်း၊ မြေဂရန် ထုတ်ပေးနိုင်ခဲ့ကာ ယခုအခါ တတိယအကြိမ် ထုတ်ပေးနိုင်ရေးအတွက် လက်ရှိအမှုတွဲ (၅၃)တွဲအနက် (၁၃)တွဲကို မြေပြင်တွင် မြေယာအရှုပ်အရှင်းကင်းပြီး အမှုတွဲ ပြည့်စုံမှု ရှိ/မရှိကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က ကွင်းဆင်းစစ်ဆေးခြင်းနှင့် ကျန်အမှုတွဲများကို မတ် ၁၈ ရက်တွင် ဘောလခဲခရိုင် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆက်လက်ကွင်းဆင်း စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)