ကျိုင်းတုံ ဩဂုတ် ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ အစားအစာထုတ်လုပ်ခြင်းနှင့် လက်ကားနှင့်လက်လီရောင်းဝယ်ရေး၊ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် ပြင်ဆင်ခြင်းကဏ္ဍများရှိ၊ ကလေးလုပ်သား စစ်တမ်းကောက်ယူနိုင်ရေး သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီ က ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင် က အဖွင့်အမှာစကား ပြောကြားရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ မြို့နယ်များနှင့် မြို့များတွင် လုပ်ကိုင်နေကြသည့် အစားအစာထုတ်လုပ်ခြင်း၊ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်ပြုပြင်ခြင်း လုပ်ငန်းများကို နမူနာအဖြစ်ရွေးချယ်၍ ၎င်းလုပ်ငန်းများတွင် လုပ်ကိုင်လျက်ရှိသော ကလေး အလုပ်သမား များအား စစ်တမ်းကောက်ယူ သွားမည်ဖြစ်ပါကြောင်း၊ စစ်တမ်းကောက်ယူရာတွင် ဒေသဆိုင်ရာ အချက်အလက်များ လွယ်ကူမှန်ကန်စွာ ရရှိနိုင်ရန် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားပြီး ပြည်နယ်ဗဟိုစာရင်းအင်းအဖွဲ့၊ ပြည်နယ်ဦးစီးမှူး ဒေါ်နီနီမြင့် က အစားအစာ ထုတ်လုပ်ခြင်းနှင့် လက်ကားနှင့် လက်လီရောင်း ဝယ်ရေး၊ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် ပြင်ဆင်ခြင်း ကဏ္ဍများရှိ၊ ကလေးလုပ်သား စစ်တမ်း ကောက်ယူခြင်းနှင့်ပတ်သက်၍ Power Point ဖြင့် ရှင်းလင်း တင်ပြသည်။
ထိုသို့ကလေးလုပ်သား စစ်တမ်းကောက်ယူရာမှ ရွေ့ပြောင်းအလုပ်သမားများအပါအဝင် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံမှုရှိစေရေး၊ လူကုန်ကူးမှုဆိုင်ရာ အရေးယူမှုနှင့် ကာကွယ်ထောက်ပံ့မှုဆိုင်ရာ အစီအစဉ်များအား ထောက်ပံ့ပေးရေး၊ တူညီသည့်လုပ်ငန်းများတွင် လုပ်ခလစာ တန်းတူရရှိနိုင်ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုဆိုင်ရာ ရည်မှန်းချက်များကိုလည်း အထောက်အပံ့ဖြစ်စေနိုင်မည့် စာရင်းအင်းအချက်အလက်များ ရရှိစေနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းကို သင်တန်းသား/သူ (၁၂)ဦးတက်ရောက်ပြီး တစ်ရက်တာ သင်တန်းအဖြစ် ပြည်နယ်ဗဟိုစာရင်းအင်းအဖွဲ့၊ ပြည်နယ်ဦးစီးမှူး ဒေါ်နီနီမြင့်နှင့် တာဝန်ရှိသူများက သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)