အ.ထ.က (မိုးနဲ) စာစစ်ဌာနသို့ လင်းခေးခရိုင် ပညာရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ လာရောက်ကြည့်ရှု အားပေး

မိုးနဲ   မတ်  ၁၃

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူများ ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် လင်းခေးခရိုင်ပညာရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးနိုးဝေ၊ လင်းခေးခရိုင် ပညာရေးမှူး ဦးကျော်မြင့်ဦး၊ မိုးနဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်နှင့် မြို့နယ်ပညာရေး ကြီးကြပ်မှုကော်မတီဝင်တို့က ယနေ့နံနက် ၁၀ နာရီအချိန်တွင် တက္ကသိုလ်ဝင်တန်း တတိယနေ့ သင်္ချာဘာသာရပ်ဖြေဆိုနေမှုကို လာရောက်ကြည့်ရှု အားပေးခဲ့သည်။

ယင်းသို့ကြည့်ရှုရာတွင် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး၊ ပတ်ဝန်ကျင် မီးဘေးလုံခြုံရေး၊ အရေးပေါ် နာမကျန်းဖြစ်ပေါ်လာသော ကျောင်းသား/ ကျောင်းသူများ ရှိလာပါက စနစ်တကျ ကူညီဆောင်ရွက်ပေးနိုင်ရေး၊ ကြီးကြပ်ရေးမှူးများ အနေဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီအောင်ဝိုင်းဝန်း ကူညီဆောင်ရွက် ပေးသွားကြရန် စသည်ဖြင့်မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

မိုးနဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ‌စာရင်းရှိ  (၂၄၆) ဦး၊ ဖြေဆို  ကျောင်းသား / ကျောင်းသူ (၂၂၈) ဦး၊ ပျက်ကွက် (၁၈) ဦးရှိ‌ပြီး ဖြေဆိုမှုရာခိုင်နှုန်း ၉၂ ဒသမ ၆၈ ဖြစ်ကြောင်းနှင့် တက္ကသိုလ်ဝင်တန်း တတိယနေ့သင်္ချာဘာသာရပ်ကို အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)