ဗန်းမော်မြို့တွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ် (၁) သင်တန်းဆင်းပွဲ ကျင်းပ

ဗန်းမော်  မတ်  ၁၃

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ကချင်ပြည်နယ် ဗန်းမော်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ဗန်းမော်ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်က သင်တန်းဆင်း အမှာစကား ပြောကြားပြီး အဆင့်မြင့် စက်ချုပ်သင်တန်းတွင် ထူးချွန်ဆုရရှိသော သင်တန်းသူအား အပ်ချုပ်စက် (၁)လုံးကို ဆုချီးမြှင့်ပေးအပ်ခဲ့သည်။ ယင်းနောက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သိမ့်သိမ်းစိုးက သင်တန်းဆင်း အောင်လက်မှတ်ကို ပေးအပ်ခဲ့ပြီး သင်တန်းဆင်းပွဲ အခမ်းအနားအပြီးတွင် တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများတို့ သင်တန်းသူများ၏ သင်တန်းဆင်းလက်ရာပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါသင်တန်းတွင် ၂ဝ၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂ဝ၂ဝ ပြည့်နှစ်၊ မတ်လ ၁၃ ရက်နေ့အထိ (၁၈) ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ ဗန်းမော်မြို့နယ်မှ (၂၁)ဦး၊ မိုးမောက်မြို့နယ်မှ (၉)ဦး၊ မန်စီ မြို့နယ်မှ (၉)ဦး၊ ရွှေကူမြို့နယ်မှ(၄)ဦး၊ မိုးကောင်းမြို့နယ်မှ (၁)ဦး၊ မိုးညှင်းမြို့မှ (၁)ဦး၊  မြစ်ကြီးနားမြို့မှ (၃)ဦး၊ ဖားကန့်မြို့နယ်မှ (၁)ဦး နှင့် တနိုင်းမြို့မှ (၁)ဦးတို့အား စုစုပေါင်းသင်တန်းသူ(၅ဝ)ဦး မြို့နယ် အသီးသီးတို့က တက်ရောက်အောင်မြင်ခဲ့ကြကြောင်း သိရသည်။

  ကိန်းဖြူ (ပြန်/ဆက်)