ပင်လုံ၌ စွမ်းအားမြှင့်မီးဖိုများဖြန့်ဖြူးခြင်း စီမံကိန်း ဆွေးနွေးပွဲ၊ ပေးအပ်ပွဲနှင့်သရုပ်ပြသခြင်းဆောင်ရွက်

ပင်လုံ  မတ် ၁၃

စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ (KOICA) နှင့် ကိုရီးယားရာသီဥတုပြောင်းလဲမှုဗဟိုဌာန (Korea CCC) တို့ ပူးပေါင်း၍ သစ်တောပြုန်းတီးမှု ကာကွယ်ရေး၊ ထင်းသုံးစွဲမှုလျှော့ချရေး၊ ကာဗွန်ထုတ်လုပ်မှုလျှော့ချရေး ရည်ရွယ်၍ စွမ်းအားမြှင့် မီးဖိုများပေးအပ်ပွဲကို ယနေ့ နံနက် (၉) နာရီက ဟဲနန်းကျေးရွာ အုပ်စု၊ ဝမ်မိုင်ရွာ၊ အုပ်ချုပ်ရေးမှူးရုံး၌ကျင်းပခဲ့ပါသည်။ ရှေးဦးစွာ ရှမ်းပြည်နယ် လွတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမြထွေး က အမှာစကားပြောကြားပါသည်။ ထို့နောက် ခရိုင် စိုက်ပျိုးရေးမန်နေဂျာ ဒေါ်နန်းစောမြ က စွမ်းအားမြှင့် မီးဖိုများပေးအပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပါသည်။ ၄င်းနောက် ပင်လုံမြို့ စိုက်ပျိုးရေးဉီးစီးဌာန ဦးစီးမှူး ဦးဇော်မော်ဦး က စွမ်းအားမြှင့်မီးဖိုနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပြီး ကျေးရွာအုပ်စုများရှိ ကျေးလက်နေပြည်သူများအား စွမ်းအားမြှင့် မီးဖို (၁၈၀၀) လုံးကို အခမဲ့ဖြန့်ဝေပေးခဲ့ပါသည်။

ဆက်လက်၍ စွမ်းအားမြှင့်မီးဖိုများ စနစ်တကျအသုံးပြုတတ်စေရန်  လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ် လွတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမြထွေး၊ မြို့အုပ်ချုပ်ရေးမှူးနှင့်ဌာန  ဆိုင်ရာများ၊ ကျေးရွာ အုပ်စု (၄) အုပ်စုမှ ကျေးရွာနေပြည်သူလူထုများ တက်ရောက်ခဲ့ကြောင်း သိရသည်။

နန်းမြင့်မြင့်ဆွေ