ကွန်ဟိန်း မတ် ၁၃
ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားအား ယနေ့၊နံနက်(၉:၀၀)နာရီ အချိန်က အဆိုပါ သင်တန်း ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ ဗိုလ်မှူးကြီး အောင်ကိုဝင်း က သင်တန်းဆင်း အမှာစကားပြောကြားခဲ့ရာ အဆင့်မြင့် စက်ချုပ်ပညာရပ် တွေဟာ မြန်မာအမျိုးသမီးတစ်ဦးအနေဖြင့် မဖြစ်မနေသင်ထား၊ တတ်ထားသင့်သော ပညာရပ်တွေဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် မိမိတို့တတ်မြောက်ပြီးသည့် ပညာရပ်တွေကို ဆက်လက်လေ့လာပြီး မှန်ကန်သော အသက်မွေးဝမ်းကျောင်းများဖြင့် ဘဝရပ်တည် နိုင်ရေး ဆောင်ရွက်သွားကြရန် ပြောကြားခဲ့ပါသည်။
ယင်းနောက် ထူးချွန်ဆုများ ပေးအပ်ရာ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူး ဦးရွှေဝင်းမှ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၁)တွင် ပထမဆု ရရှိသူ မယဉ်ယဉ်ဝေ အား အပ်ချုပ်စက်(၁)လုံး၊ သင်တန်းသူ (၅၀) ဦး၏ သင်တန်းဆင်း အောင်လက်မှတ်များကို သင်တန်းကျောင်း၏ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းငွေလှမှ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။
အဆိုပါ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၁) တွင် သင်တန်းသူ (၅၀) ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းကာလမှာ (၁၈) ပတ် ကြာမြင့်ခဲ့ကြောင်းနှင့် သင်တန်း ဆင်းပွဲအခမ်းအနားသို့ ကွန်ဟိန်းမြို့ရှိ စစ်ဗျူဟာမှူးကြီးနှင့် တပ်ရင်းမှူးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းဆရာမများ၊ သင်တန်းသူများ တက်ရောက်ခဲ့ပါသည်။
အလားတူ ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန လက်အောက်ရှိ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (၃၇)ကျောင်းတွင် သင်တန်းဆင်းပွဲများ ပြုလုပ်ခဲ့ကြပြီး စုစုပေါင်း သင်တန်းဆင်းအင်အား(၁၉၁၀)ဦး ရှိကြောင်းနှင့် သင်တန်းများ စတင်ဖွင့်လှစ်ချိန်မှ ယခုအချိန်အထိ သင်တန်းဆင်းအရေအတွက် (၈၉၈၉၆)ဦးရှိပြီး အဆိုပါ လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ (၄၀၄၉၅)ဦး ရှိသဖြင့် (၄၅%)အလုပ်အကိုင် ဖန်တီးဆောင်ရွက်ပေးနိုင်ကြောင်း သိရသည်။
ပြည့်(ပြန်/ဆက်)