ချင်းရွှေဟော်မြို့မှ နေရပ်ပြန်ပြည်သူ (၅၁)ဦးအား သက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်း ပို့ဆောင်

ချင်းရွှေဟော်  ဩဂုတ်  ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ဩဂုတ်လ ၁၇ ရက်နေ့ ညနေ(၆)နာရီ အချိန်က (၁၆)ဦးနှင့် ယမန်နေ့မွန်းလွဲ (၃)နာရီအချိန် က (၃၅)ဦး စုစုပေါင်းနေရပ်ပြန်ပြည်သူ (၅၁)ဦးတို့အား  လားရှိုးမြို့သို့ ထပ်မံ လွှဲပြောင်း ပို့ဆောင်ပေးခဲ့သည်။

အဆိုပါ ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့သည့်  နေရပ်ပြန်ပြည်သူ (၅၁)ဦးမှာ အမျိုးသား(၂၃)ဦး၊  အမျိုးသမီး (၂၈)ဦးတို့ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှ (၁)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၃)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၄)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ (၁)ဦး၊ မကွေးတိုင်းဒေသကြီးမှ (၃)ဦး၊ ကချင်ပြည်နယ်မှ (၈)ဦးနှင့် ရှမ်းပြည်နယ်မှ (၃၁)ဦး တို့ဖြစ်ကြောင်း သိရသည်။

၎င်းနေရပ်ပြန်ပြည်သူများမှ  တရုတ်နိုင်ငံမှလွှဲပြောင်းလာသည့်   အမျိုးသား(၁၅)ဦး၊  အမျိုးသမီး (၁၆)ဦး  စုစုပေါင်း(၃၁)ဦး တို့သည် တရုတ်နိုင်ငံဘက်ခြမ်းတွင် အကြောင်း အမျိုးမျိုးကြောင့်  ပြစ်ဒဏ်ကျခံခဲ့ရသည့် ပြည်သူများဖြစ်၍   ၎င်းတို့အား ချင်းရွှေ ဟော်မြို့၊ မြို့တော်ခန်းမ၊ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွင်  ခေတ္တထားရှိပြီး  ချင်းရွှေဟော်မြို့ ကုသရေး ဦးစီးဌာနမှ ၎င်းတို့၏အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ်တို့အား ရယူကာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ဓါတ်ခွဲစစ်ဆေးနိုင်ရန် မန္တလေးမြို့၊  ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့ စစ်ဆေးခဲ့ရာ ဓါတ်ခွဲအဖြေကောင်းမွန်ကြောင်းသိရ၍  ချင်းရွှေဟော်မြို့  ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ သက်ဆိုင်ရာဒေသများသို့ လွှဲပြောင်းပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

ထိုသို့   ချင်းရွှေဟော်မြို့   ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ နေရပ်ပြန်ပြည်သူများအား   စနစ်တကျ စီစဉ် လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ  ဧပြီလ ၃၀ ရက်နေ့ မှ ယနေ့အထိ အမျိုးသား (၈၁၀၉)ဦးနှင့် အမျိုးသမီး (၆၄၈၁)ဦးတို့ဖြစ်ပြီး   စုစုပေါင်း  နေရပ်ပြန်ပြည်သူ (၁၄၅၉၀)ဦးတို့ကို လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)