မိုင်းဆတ်မြို့၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲစာရင်းများပြည့်စုံမှန်ကန်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မိုင်းဆတ်   ဩဂုတ်   ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီအချိန် က ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင် က ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူ မြန်မာနိုင်ငံသားတိုင်း ဆန္ဒမဲပေးပိုင်ခွင့်ရရှိရေး၊ နိုင်ငံသားစိစစ်ရေးကတ်မရှိသူများအား ဆန္ဒမဲပေး နိုင်ရန် အထောက်အထားကတ်များ ထုတ်ပေးနိုင်ရေး၊ မဲဆန္ဒရှင်စာရင်း တိကျမှန် ကန်မှုရှိရေး၊ မဲဆန္ဒရှင်စာရင်းတွင်ပါဝင်သူများ အမှန်တကယ်မဲပေးနိုင်မှု ရှိ/မရှိ ကော်မတီများ ဖွဲ့စည်း၍ တစ်အိမ်တက်ဆင်း စစ်ဆေးဆောင်ရွက်ရေး၊ မဲဆန္ဒရှင်နှင့် မဲရုံလုံခြုံရေးအတွက် ကြိုတင်စီမံ ဆောင်ရွက်ထားရှိရေး၊ ကွန်ပျူတာကျွမ်းကျင်ဝန်ထမ်း ခန့်ထားနိုင်ရေး ရှင်းလင်းပြောကြားသည်။

ထို့နောက် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုင်းတူး က ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့် ခရိုင်ကော်မရှင်အဖွဲ့ဝင်များအား ဖွဲ့စည်းတာဝန်ပေးထားမှုများကိုလည်းကောင်း၊ အတွင်းရေးမှူး ဦးမောင်ချို က ပထမအကြိမ်မဲဆန္ဒရှင်စာရင်း ကြေညာထားရှိမှုအပေါ် ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ)တို့ဖြင့် လျှောက်ထားလာသည့် မဲဆန္ဒရှင်စာရင်းများအား ထည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ မဲရုံရွေးချယ်ထားရှိမှုနှင့် ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲမှူးများ၊ မဲရုံမှူးများ၊ ဒုမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များအား သင်တန်းဖွင့်လှစ် ပေးနိုင်ရေး စီမံဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာရုံးမှ ဦးစီးအရာရှိ ဦးဝင်းထွန်း က မဲစာရင်းတွင်ပါဝင်ပြီး နိုင်ငံသားကတ် မရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေးမှု အခြေအနေများကို လည်းကောင်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးလှိုင်က မဲရုံများတွင် လုံခြုံရေး ချထားရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို လည်းကောင်း၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဒေါ်နန်းဝိုခမ်း က ပထမအကြိမ် မဲဆန္ဒရှင် စာရင်းကြေညာပြီးစီးမှုနှင့် လုပ်ငန်း လိုအပ်ချက်များကို တင်ပြဆွေးနွေးသည်။

ထို့နောက် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း က မဲစာရင်းတိကျမှန်ကန်ရေး၊ မိုင်းဆတ်နှင့် မိုင်းတုံမြို့နယ် အုပ်ချုပ်ရေးမှူးတို့က မဲဆန္ဒရှင်စာရင်းတွင်ပါဝင်သူများ အမှန်တ ကယ် မဲပေးနိုင်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးမည့် အခြေအနေတို့ကို ဆွေးနွေးတင်ပြရာ ခရိုင် အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင် က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရ သည်။    

မြင့်မောင်(ပြန်/ဆက်)