တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသည့် ကျောင်းသား ၊ ကျောင်းသူ များအတွက် မြို့နယ်မီးသတ်ဦးစီးဌာနက သောက်သုံးရေများ သွားရောက်လှူဒါန်း

နမ့်စန် (တ) မတ် ၁၃

 

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန်အတွက် အမှတ်(၂) ရပ်ကွက် အခြေခံပညာ မူလတန်းကျောင်းတွင် လာရောက်တည်းခိုနေထိုင်သည့် မိုင်းစိတ်ကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်းမှ ကျောင်းသား ကျောင်းသူများ သောက်သုံးရေ အဆင်ပြေ စေရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနက အဝီစိတွင်းရေများကို ယမန်နေ့ညနေပိုင်းက သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အ.ထ.က (နမ့်စန်) စာစစ်ဌာနတွင် စာမေးပွဲဖြေဆိုရန်အတွက် အမှတ်(၂)ရပ်ကွက် အခြေခံပညာ မူလတန်းကျောင်းတွင် တည်းခိုနေထိုင်လျက်ရှိသည့် မိုင်းစိတ်ကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်းမှ ကျောင်းသား ကျောင်းသူများ ၊ ဆရာ ဆရာမများနှင့် ကျောင်းသားမိဘများ စုစုပေါင်း (၅၀) ဦးခန့်ရှိပြီး ရေလှူဒါန်းပေးမှုကြောင့် သောက်သုံးရေ အဆင်ပြေလျက်ရှိပြီး ရေလှူဒါန်းပေးမှု အတွက် ကျေးဇူးတင်ရှိကြောင်း မိုင်းစိတ် အ.ထ.က မှ ဆရာမ တစ်ဦးက ပြောကြားခဲ့သည်။       

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေနှင့် မြို့နယ်ပညာရေးမှူး ဒေါ်နန်းခမ်းဦး တို့၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးလှိုင်ဝင်းထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင် များက ရေဂါလံ (၈၀၀) ဆံ့ မီးသတ်ရေသယ်ယာဉ်ဖြင့် အဝီစိတွင်းရေများ သွားရောက်လှူဒါန်း ပေးခဲ့ခြင်းဖြစ်ပြီး ကျောင်းသား ကျောင်းသူများ ရေအခက်အခဲမဖြစ်စေရန်အတွက် တက္ကသိုလ်ဝင် စာမေးပွဲ ပြီးဆုံးသည်အထိ နေ့စဉ်လှူဒါန်း ပေးသွား မည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

 

သူရအောင်(ပြန်/ဆက်)