ကွမ်းလုံမြို့၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကမ်းပါးပြို၍ သစ်ပင်ကြီးလဲပြိုမှု ဖြစ်ပွား

ကွမ်းလုံ   ဩဂုတ်   ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်၊ ခိုလုံရပ်ကွက်၊ မြို့မရဲစခန်းအနီး ပြည်ထောင်စု လမ်းမကြီး၌ ယနေ့နံနက်(၅:၃၀)နာရီအချိန် က မိုးအဆက်မပြတ် ရွားသွန်းမှုကြောင့် ကမ်းပါးပြို ၍ သစ်ပင်ကြီးလဲရာမှ လမ်းဘေးရှိ လျှပ်စစ်မီးတိုင်များ လဲပြိုခဲ့ကြောင်း သိရသည်။

လျှပ်စစ်မီးတိုင်များ လဲပြို၍ အနီးရှိအိမ်အချို့ ထိခိုက်ပျက်စီးမှုရှိသော်လည်း ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။ အဆိုပါ ပြိုလဲ၍ လမ်းပိတ်နေသော သစ်ပင်ကြီးကို မြို့နယ် မီးသတ်တပ်ဖွဲ့၊ မီးလင်းရေးကော်မတီမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့တို့က စုပေါင်း၍ ရှင်းလင်းခဲ့ရာ နံနက်(၉)နာရီတွင် ရှင်းလင်းပြီးစီးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ လျှပ်စစ်မီးတိုင်များ လဲလှယ်ခြင်းနှင့် မီးကြိုးများ ပြင်ဆင်တပ်ဆင်ခြင်းလုပ်ငန်းကို မြို့နယ်လျှပ်စစ်ဌာနနှင့် မီးလင်းရေးကော်မတီတို့က ဆက်လက်ဆောင်ရွက်နေကြောင်း သိရ သည်။

မိုင်းခိုင်ဇော်(ကွမ်းလုံ)