သီပေါ မတ် ၁၂
ရန်ကုန်မြို့အခြေစိုက် ဒိန်းမတ်လူမှုရေးအဖွဲ့မှ စီစဉ်ဆောင်ရွက်သော လူသားချင်းစာနာသော မိုင်းလှုပ်ရှားမှု အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲ (Humanitarian Mine Action (HMA) Workshop)ကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၉)နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးက ကြိုဆိုနုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဒိန်းမတ်လူမှုရေးအဖွဲ့ (ရှမ်း/မြောက်) တာဝန်ခံ မိုင်းအန္တရာယ်လျှော့ချရေးအရာရှိ ဦးဇင်မင်းထွန်းနှင့် လက်ထောက်အရာရှိ ဒေါ်နိုင်နိုင်ထွန်းတို့က ဒိန်းမတ်လူမှုရေးအဖွဲ့နှင့် လုပ်ငန်းစဉ်များ အကြောင်းကို မိတ်ဆက် ရှင်းလင်းခဲ့ကာ လူသားခြင်း စာနာ ထောက်ထားမှုဆိုင်ရာ မိုင်းလှုပ်ရှားမှု အကြောင်း၊ အပြည်ပြည်ဆိုင်ရာ သဘောတူ စာချုပ်များအကြောင်း၊ မြန်မာနိုင်ငံတွင် လုပ်ဆောင် နေသော မိုင်းလှုပ်ရှားမှုများ အကြောင်းနှင့် မိုင်းအန္တရာယ် အသိပညာပေး လုပ်ငန်းအဖွဲ့၏ သတင်းအချက်အလက် စုဆောင်း ရယူမှုများအကြောင်းကို အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ပြီးနောက် အလုပ်ရုံ ဆွေးနွေးပွဲနှင့် ပတ်သက်၍ သုံးသပ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသို့ သီပေါမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ စာရေးများ၊ လူမှုရေး ပရဟိတ အသင်းများမှ တာဝန်ရှိသူများ စုစုပေါင်း(၅၀)ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)