မိုင်းကိုင်မြို့နယ် မြို့နယ်သမဝါယမအသင်းများမှ စုပေါင်း၍ တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအား ဂုဏ်ပြုဆုချီးမြှင့်

မိုင်းကိုင်     ဩဂုတ်     ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်းရှိ  သမဝါယမအသင်းများမှ  စုပေါင်း၍ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ အ.ထ.က(မိုင်းကိုင်) စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ  ဖြေဆိုအောင်မြင်ခဲ့သော  ကျောင်းသား/သူ (၁၆)ဦးအား  ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို  ယနေ့နံနက် ၁၀ နာရီအချိန် က  အခြေခံပညာအထက်တန်းကျောင်း၊  မြတ်သီရိ ခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

ဂုဏ်ပြုဆုချီးမြှင့်ပွဲ  အခမ်းအနားတွင်  မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးရဲထွန်းအောင် က  အဖွင့်အမှာစကား ပြောကြားပြီး  မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ  ဦးခင်လှိုင်မင်း က  ဂုဏ်ပြုဆုချီးမြှင့်ရခြင်း၏  ရည်ရွယ်ချက်နှင့် သမဝါယမအသင်းများ၏  ဂုဏ်ပြုပွဲကျင်းပနိုင်ရေး  လုပ်ငန်းဆောင်ရွက်ချက်များကို  ရှင်းလင်းဆွေးနွေးကာ  ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ အ.ထ.က(မိုင်းကိုင်) စာစစ်ဌာန၌  တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်သူ ၁၅ ဦးနှင့်  ဇီဝဗေဒ ဂုဏ်ထူးရ  တစ်ဦးတို့အား  ဂုဏ်ပြုဆုတံဆိပ်နှင့် ဆုငွေများကို တာဝန်ရှိသူများက အသီးသီး  ချီးမြှင့်ခဲ့ကြသည်။

ယခုကဲ့သို့  မိုင်းကိုင်မြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ  ဖြေဆိုအောင်မြင်သူများအား  ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို  မြို့နယ်သမဝါယမအသင်းများဖြစ်ကြသော  ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်း၊ ပညာရေးဂျီအီးစီသမဝါယမအသင်း၊ ဈေးသမဝါယမအသင်း၊ ခမ်းဝါသမဝါယမအသင်း၊ အသင်းစုသမဝါယမအသင်း၊ ရွက်သစ်လယ်ထွေသမဝါယမအသင်း၊ ရပ်ကွက်(၁) သမဝါယမအသင်း၊ ရပ်ကွက် (၄) သမဝါယမအသင်း၊ ရွှေလွိုင်လိုင် သမဝါယမ အသင်း စသည့် သမဝါယမအသင်း (၉)သင်းတို့က စုပေါင်း၍ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှ  စတင်၍  ၂၀၁၉- ၂၀၂၀ ပညာသင်နှစ်အထိ  ဂုဏ်ပြုဆုချီးမြှင့်ပွဲများ  နှစ်စဉ်ကျင်းပခဲ့ရာ ယခုနှစ်သည် (၅)ကြိမ်မြာက် ကျင်းပခြင်းဖြစ်ပြီး  တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်သူ ကျောင်းသား/သူပေါင်း (၂၁၁) ဦးတို့ကို  ဂုဏ်ပြုဆုများ ချီးမြှင့်နိုင်ခဲ့ပြီဖြစ်ကြောင်း  သိရသည်။

နန်းလှိုင်လှိုင်ဦး(မိုင်းကိုင်)