ရိခေါ်ဒါရ် မတ် ၁၂
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ချင်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဦးဆောင်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် တိုင်းရင်း သားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကိုဆန်းစစ်စီမံခြင်းအစီအစဉ် အခမ်း အနားကို ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရိခေါ်ဒါရ်မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ချင်းပြည်နယ်ညွှန်ကြားရေးမှူးရုံး တာဝန်ခံအရာရှိ ဦးထန်မွမ်းခိုင်က ဝန်ကြီးဌာန မိတ်ဆက် ခြင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေနှင့် ဆက်စပ်ဥပဒေများ၊ မူဝါဒနှင့်လုပ်ငန်းစဉ်များပါ တိုင်းရင်းသားလူမျိုးများ အခွင့်အရေး များကို Power Point ဖြင့် ရှင်းလင်းဆွေးနွေး သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်ဆန်းစစ်စီမံခြင်းအစီအစဉ်ပါ စစ်တမ်းမေးခွန်းများအား ဖြည့်သွင်းဖြေဆိုကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့အဆင့်ဌာနဆိုင်ရာများ၊ မြို့အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းများ၊ ရပ်ကွက်ပြည်သူများ စုစုပေါင်းအင်အား (၁၀၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
ပက်ကာ (ပြန်/ဆက်)