ဟိုပုံးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဟိုပုံး    ဩဂုတ်   ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်း ပြည့်စုံ မှန်ကန်စေ ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁နာရီအချိန် က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့် က မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်မှုရှိစေ ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင်  ဖွဲ့စည်းတာဝန်ပေးအပ်ထားသော မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများအနေဖြင့် နေ့အလိုက် တာဝန်ခွဲဝေ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ မြို့နယ် မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင်ပါဝင်နိုင်စေရေး၊ မဲစာရင်းတွင်ပါဝင်သည့် အချက်အလက်များ ပြည့်စုံမှန်ကန် စေရေး၊ ကျန်ရှိသူများကို မဲစာရင်းတွင် ပါဝင်ခွင့်ရရှိရေး ပုံစံ(၃-က) ဖြင့် လျှောက်ထားနိုင်ရေး၊ မဲစာရင်း၌ မိမိအမည်မပါဝင်ပါက ပုံစံ(၃)ဖြင့် လည်းကောင်း၊ မဲစာရင်းတွင် အမည်စာရင်းမပါဝင်သင့်ပဲ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း နှင့် မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများ ကိုလည်းကောင်း၊ ရပ်ကွက်/ ကျေးရွာအုပ်စု လူဦးရေစာရင်းကောက်ယူ ရေးအဖွဲ့၏ ရက်သတ္တပတ်လှုပ်ရှားမှုအနေဖြင့် တစ်အိမ်တက်ဆင်း မဲဆန္ဒရှင်စာရင်း တိုက်ဆိုင် စစ်ဆေးကြ စေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများက သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဟိုပုံး မြို့နယ်၏ ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာထားရှိမှုအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပေါင်း (၇၈၁၄၆)ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

နေမင်းထွန်း(ဟိုပုံး)