ကျောက်တလုံးကြီး ဩဂုတ် ၂၀
သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရနှင့် ဆရာတော်၊ သံဃာတော်များသည် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန် က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ သမိုင်းဝင် မွေတော် ကက္ကူဘုရားအတွင်းရှိ ရှေးဟောင်းစေတီတော်များ၊ ရှေးဟောင်း ရုပ်ပွားတော်များအား လာရောက်ဖူး မြှော် ခဲ့ကြကြောင်းနှင့် ကျောက်တလုံးကြီးမြို့ဒေသခံ တိုင်းရင်းသားပြည်သူများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရနှင့် ဆရာတော်သံဃာတော်များအား အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့်ဇနီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်အောင်ကျော်၊ ကျောက်တလုံးကြီးမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးစောချမ်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကက္ကူဘုရား ဂေါပကအဖွဲ့မှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး၊ မွေတော်ကက္ကူဘုရားသမိုင်းအား တာဝန်ရှိသူများမှ လှည့်လည် ရှင်းလင်းပြသကာ မွေတော်ကက္ကူ ဘုရားတွင် ကိန်းဝပ်စံပယ်လျက်ရှိသည့် ဓါတ်တော်၊ စွယ်တော် နှင့် ရှေးဟောင်း ရုပ်ပွားတော်များအားလည်း လှည့်လည်ဖူးမျှော်ခဲ့ကြပြီးနောက် အောင်စုဟော်ဘုံဓမ္မာရုံ၌ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရနှင့် ဆရာတော်သံဃာတော်များအား အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရဝဏ္ဏ ကျော်ထင်ဦးအောင်ခမ်းထီနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ က ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကာ ဆရာတော် အရှင်သူမြတ်များထံမှ အနုမောဒနာတရား နာယူကြည်ညို ခဲ့ကြကြောင်း သိရသည်။
ခွန်အာကာ(ကျောက်တလုံး)