ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ (၄၆)ဦး အား လားရှိုးမြို့မှတစ်ဆင့် သက်ဆိုင်ရာဒေသများသို့ ထပ်မံပို့ဆောင်

လားရှိုး    ဩဂုတ်   ၂၀

တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ မူဆယ်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ  နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် နေ့စဉ်ဝင်ရောက်လျက်ရှိရာ နေရပ်ပြန် ပြည်သူများအား လားရှိုးမြို့မှ တစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ(၆)ရက်နေ့မှစတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက် ရှိပါသည်။

ထိုသို့ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ယမန်နေ့တွင် နေရပ်ပြန်ပြည်သူ အမျိုးသား  (၂၅)ဦး၊ အမျိုးသမီး(၂၁)ဦး စုစုပေါင်း (၄၆)ဦးတို့အား လွှဲပြောင်းပို့ဆောင်ပေးနိုင်ခဲ့သည်။ အဆိုပါ နေရပ်ပြန် ပြည်သူ (၄၆)ဦးတို့တွင် ကချင်ပြည်နယ်မှ(၈)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၁၁)ဦး၊ ပဲခူးတိုင်း ဒေသကြီးမှ (၂)ဦး၊ မကွေးတိုင်းဒေသကြီးမှ (၉)ဦး၊  မန္တလေးတိုင်းဒေသကြီးမှ (၅)ဦး၊ နေပြည်တော်မှ (၁)ဦး၊ ရခိုင်ပြည်နယ်မှ (၈)ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ (၂)ဦး  တို့ဖြစ်ကြသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် နှစ်နိုင်ငံ နယ်စပ်ဂိတ်များမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန် ပြည်သူများအား စနစ်တကျစိစစ်၍ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မြန်မာ့မီးရထားခရီးစဉ်ဖြင့် ပို့ဆောင်ပေးလျက်ရှိရာ မေလ(၆)ရက်နေ့မှ  ဩဂုတ်လ(၁၉)ရက်နေ့အထိ နေရပ်ပြန်ပြည်သူ အမျိုးသား  (၉၃၁၅)ဦး၊ အမျိုးသမီး (၅၈၄၄)ဦး စုစုပေါင်း (၁၅၁၅၉)ဦးတို့ကို စနစ်တကျ လွှဲပြောင်းပို့ဆောင် ပေးနိုင်ခဲ့ကြောင်း သိရသည်။

နန်းသန္တာဦး (ပြည်နယ်၊ပြန်/ဆက်)