ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှုအစီအစဉ် CERP အရ မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား မျိုးစေ့ဖိုး စိုက်ပျိုးစရိတ်များ ထောက်ပံ့ပေးအပ်

သိန္နီ   ဩဂုတ်  ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့ စိုက်ပျိုးရေးဦးစီးဌာန၌ ယမန်နေ့နံနက် (၉) နာရီ အချိန် က ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှုအစီအစဉ် CERP အရ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား မျိုးစေ့ဘိုး၊ စိုက်ပျိုးစရိတ်ထောက်ပံ့ပေးအပ်ပွဲ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦး၀င်းထင်စိုး က CERP အရ ထောက်ပံ့ငွေ၊ ဓါတ်မြေဩဇာနှင့် ရွက်ဖျန်းအားဆေးများ ထောက်ပံ့ပေးအပ်ရခြင်းအကြောင်း ရှင်းလင်းဆွေးနွေးပြီး ပြည်နယ်လွှတ်‌တော် ကိုယ်စားလှယ်များက‌ ထောက်ပံ့‌‌ငွေများ‌ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ဖြည့်စွက် ရှင်းလင်းသည်။ ဆက်လက်၍ မျိုးစေ့ထုတ်ဧက (၇၀)အတွက် ထောက်ပံ့ကြေးငွေ (၅၈၄၅၀၀၀)ကျပ်ကို ပေးအပ်ပြီး မိုးစပါးနှင့်မိုးပဲပုတ် စံပြစိုက်ပျိုးသည့် တောင်သူ (၁၉) ဦးတို့အား ဓါတ်မြေဩဇာ (၃၅) အိတ်၊ ရွက်ဖျန်းအားဆေး အသင့်သုံး EM (၃၀ )ဧကစာတို့အား ထောက်ပံ့ပေးအပ်သည်။ ထို့နောက် ခရိုင်သီးနှံ ကာကွယ်ရေးတာ၀န်ခံ ဒေါ်ပူးစ်ပါးဒေဝီ က မိုးစပါးပိုးမွှားရောဂါ ကာကွယ်နှိမ်နှင်းနည်းနှင့် မြို့နယ်ဦးစီးမှူး ဦးစောသိန်းထိုက် က စပါးမျိုးကောင်း၊ မျိုးသန့် (RS- Cs) စိုက်ပျိုးထုတ်လုပ်နည်း ပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖိုးချို (ပြန်/ဆက်)