ကွမ်းလုံ သြဂုတ် ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် ယမန်နေ့ နေ့လယ်ပိုင်း က သံလွင်မြစ်နှင့် နမ့်တိန်ချောင်း ရေမြင့်တက်လာမှုကြောင့် ကုန်းညောင်ကျေးရွာ၊ ကောင်းကျဲကျေးရွာနှင့် နမ့်ဟူးကျေးရွာရှိ လယ်ယာစိုက်ခင်း များ ရေကြီးနစ်မြုပ်မှု ဖြစ်ပွားခဲ့သည်။
အဆိုပါ ရေကြီးနစ်မြုပ်မှုကြောင့် လယ်ယာစိုက်ခင်းခန့်မှန်း (၁၀၀၀)ဧကကျော် ရေနစ်ဆုံရှုံးခဲ့ကြောင်းနှင့် ရေကြီးနစ်မြုပ်မှုအခြေအနေများကို ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဝင်းထင်စိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဇေယျ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဌေးလွင်နှင့် တာဝန်ရှိသူတို့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
အဆိုပါ ရေကြီးနစ်မြုပ်မှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်အနေဖြင့် ဇူလိုင်လ (၉)ရက်နေ့တွင် ဖြစ်ပွား ခဲ့ရာ (၂၉၇.၆)ဧက နစ်မြုပ်ဆုံရှုံးခဲ့ကြောင်း သိရသည်။
မိုင်းခိုင်ဇော်(ကွမ်းလုံ)