ဆီဆိုင် မတ် ၁၁
တစ်ရွာနှင့်တစ်ရွာ ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံးညီညွှတ်မှုရှိစေရန် အားကစားစိတ်ဓာတ် ရှင်သန်ထက်မြက်ပြီး စုပေါင်းလုပ်ဆောင်မှုစွမ်းအား တိုးတက်လာစေရန်အတွက် (၈)ကြိမ်မြောက် ဆီဆိုင်မြို့နယ်လုံးဆိုင်ရာ ပအိုဝ်း အမျိုးသားနေ့ အထိမ်း အမှတ်ဖလား အလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ နေ့လယ် ၂ နာရီက ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျော ကျေးရွာ အုပ်စု၊ ပုံးလောင်းကျေးရွာရှိ တပေါင်းကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပရာ ဗိုလ်လုပွဲကို ဘုရားဖြူအသင်းနှင့် ခိုဖွန်းအသင်းတို့ ယှဉ်ပြိုင်ကစားရာ ဘုရားဖြူအသင်းက ခိုဖွန်းအသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့ကြောင်း သိရ သည်။
ဆုချီးမြှင့်ပွဲတွင် ပထမဗိုလ်စွဲသည့် ဘုရားဖြူဘောလုံးအသင်းအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်နှင့် ပွဲကော်မတီ နာယက ဦးခွန်လှမြင့်တို့က ပထမတံခွန်စိုက်ဒိုင်းဆုနှင့် ငွေသားဆုတော်ငွေ ၆ သိန်းကို လည်းကောင်း၊ ဒုတိယ ဆုရ ခိုဖွန်းဘောလုံးအသင်းကို ငွေသားဆုတော်ငွေ ၄ သိန်းနှင့် ဂုဏ်ပြု ဆုတံဆိပ်များကိုလည်းကောင်း၊ နေရာအလိုက် အကောင်းဆုံး အားကစားသမား များအား ဂုဏ်ပြုဆုများ ကိုလည်းကောင်း တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို အုပ်စု(၂၉)အုပ်စု ပါဝင်ပြီး ပြိုင်ပွဲဝင် ဘောလုံးအသင်း ပေါင်း(၈၈)သင်း ပါ၀င်ယှဉ်ပြိုင်ကြကာ ဖေဖော်ဝါရီ ၁၄ ရက်မှ မတ် ၁၀ ရက်ထိ ကျင်းပခဲ့ကြောင်းသိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)