ဆီဆိုင် ဩဂုတ် ၂၀
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအတွက် နိုင်ငံတော်မှ တစ်အိမ်ထောင်စုလျှင် ငွေကျပ် ၂ သောင်းနှုန်းဖြင့် ဒုတိယ အကြိမ် ထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်း က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၏ တောင်ပေါ် ကျေးရွာ များဖြစ်သည့် နားသံကျေးရွာ အုပ်စုအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများထံသို့ ကွင်းဆင်းထောက်ပံ့ပေးခဲ့ ကြောင်း သိရသည်။
ယင်းသို့ အိမ်တိုင်ရာရောက် ကွင်းဆင်းထောက်ပံ့ပေးရာတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်မောင်ပယ်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေနှင့် တာဝန်ရှိသူများက ဆီဆိုင်မြို့နယ်၊ နားသံကျေးရွာအုပ်စု၊ ကုန်းလမ်း ကျေးရွာရှိ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စု(၁၀)စု၊ လူဦးရေ(၂၂)ဦး ကိုလည်းကောင်း၊ လုံးဒါကျေးရွာရှိ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စု (၂၀)စု၊ လူဦးရေ (၆၂)ဦးကို လည်းကောင်း၊ နားသံကျေးရွာအုပ်စုအတွင်းရှိ ဆီဆိုင်မြို့နှင့် ၄၅ မိုင်ခန့်အလှမ်းဝေးပြီး အမြင့်ပေ ၄၈၀၀ ခန့်ရှိ တောင်ပေါ်ကျေးရွာများဖြစ်သည့် မဲ့ဘောင် ကျေးရွာနှင့် ပချားကလို(အလယ်)ရွာရှိ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စု (၃၇)စု၊ လူဦးရေ (၁၈၄)ဦးကို လည်းကောင်း အိမ်တိုင်ရာရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်အတွင်း ရပ်ကွက် ၆ ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၃)အုပ်စုရှိပြီး ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား လူဦးရေ ၁၆၁၃၀ ဦး ပါ၀င်သည့် အိမ်ထောင်စု ၃၇၈၄ စုအတွက် ထောက်ပံ့ငွေ ၇၅,၆၈၀,၀၀၀/− ကို တာဝန်ခွဲဝေ ပေးအပ်ထားရှိသော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများတို့က ပြည်သူများထံသို့ လက်ရောက် အပြီးသတ် ဖြန့်ဝေပြီးစီးပြီဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)