လင်းခေးမြို့နယ်၌ မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်းနှင့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းနိုင်ရေး အစည်းအဝေးပြုလုပ်

လင်းခေး   ဩဂုတ်   ၂၀

လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်းနှင့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေကော်မတီ ဖွဲ့စည်းနိုင်ရေး အစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုင်းခမ်းလှိုင် က အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးချိုနိုင် က ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထား ကြေညာ ထားမှုနှင့် ပတ်သက်၍ ပုံစံ (၃)ဖြင့် ဖြည့်သွင်းထားသည့် စာရင်း၊ ပုံစံ (၄)ဖြင့် ပယ်ဖျက်စာရင်း၊ ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်သည့် မဲဆန္ဒရှင်စာရင်းများ စိစစ်ရေးအတွက် စုပေါင်းဆောင်ရွက်ကြမည့်လုပ်ငန်းများအား ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ က ရွေးကောက်ပွဲအချိန်ကာလတွင် ဖြစ်ပွားလာမည့် အငြင်းပွားမှုများအတွက် စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များ၊ ဝင်ရောက်အရွေးခံမည့် ပါတီများမှ တာဝန်ရှိသူများနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များ က  သိလိုသည်များကိုမေးမြန်းကြရာ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး က ပြန်လည်ရှင်းလင်း ပြောကြားပေးခဲ့ကြောင်း သိရသည်။

နန်းမိုခမ်း (လင်းခေး၊ပြန်/ဆက်)