ရပ်စောက်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး ကွင်းဆင်းစစ်ဆေး

ရပ်စောက်     ဩဂုတ်     ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ အားလုံး ဆန္ဒမဲပေးနိုင်ရေး မဲဆန္ဒရှင်စာရင်း တိုက်ဆိုင်စစ်ဆေးခြင်းများကို ယမန်နေ့နံနက် ၁၁ နာရီ အချိန် က ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေးရာတွင် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေး ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချူပ်ရေးမှူး ဦးသိန်းဇော်ဝင်းနှင့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဇော်မင်းလတ်၊ အတွင်းရေးမှူး ဒေါ်အိခိုင်သဇင်ထွန်း၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချူပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများတို့မှ ပူးပေါင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ထိုသို့စစ်ဆေးရာတွင် မဲဆန္ဒရှင်စာရင်းများကို ကပ်ထားကြေညာရာ၌ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ အခြားဒေသသို့ ပြောင်းရွှေ့သွားခြင်း၊ အခြားဒေသမှ မဲဆန္ဒရှင်များ မိမိဒေသသို့ ပြောင်းရွှေ့ဝင်ရောက်လာခြင်း၊ မဲစာရင်းများ ကောက်ယူပြုစုစဉ် စာရင်း၌ပါဝင်မှုမရှိခြင်း၊ အသက်(၁၈)နှစ် ပြည့်ပြီးသော်လည်း နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသဖြင့် မဲစာရင်းကြေညာစဉ် နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ်မပါရှိသူများ စသည့်   အချက် အလက်မှန်ကန်မှုရှိစေရေးများကို ကွင်းဆင်းတိုက်ဆိုင် စစ်ဆေးခဲ့ကြောင်းနှင့် လိုအပ်သည့် ပြင်ဆင်ဖြည့်စွက်မှု များကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှတစ်ဆင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ မှ အချိန်နှင့်တစ်ပြေးညီ ပြင်ဆင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းမြတ်ကျော်စိုး (ပြန်/ဆက်)