ငပုတော ဩဂုတ် ၂၀
ဧရာ၀တီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာပေကို မြတ်နိုးတန် ဖိုးထားသော စာဖတ်ပရိသတ်များ ပိုမိုတိုးပွားလာစေရေးအတွက် တိုင်းဒေသကြီး စာကြည့်တိုက်များ ဖောင်ဒေးရှင်း၏ ကြီးကြပ်မှုဖြင့် မြို့နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းအဖွဲ့ ဖွဲ့စည်းခြင်းကို ယနေ့နံနက်ပိုင်းက ငပုတောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။
မြို့နယ်စာကြည့်များ ဖောင်းဒေးရှင်းအဖွဲ့ ဖွဲ့စည်းရခြင်းနှင့်ပတ်သက်၍ တိုင်းဒေသကြီးစာကြည့်တိုက်များ ဖောင်ဒေးရှင်း အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်က "အခုလိုမြို့နယ်တွေမှာ စာကြည့်တိုက် ဖောင်ဒေးရှင်းတွေ ဖွဲ့စည်းရခြင်းမှာ စာကြည့်တိုက် တွေ ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ဖို့နဲ့ ပြည်သူများအနေနဲ့လည်း စာပေဖတ်ရှုခြင်းကြောင့် ဗဟုသုတများ ရရှိစေလာ စေပြီး ယနေ့ခေတ်မှာ ဆက်သွယ်ရေးနည်းပညာတွေ ဖွံ့ဖြိုးတက်လာမှုကြောင့် သတင်းမှန်/သတင်းမှားများကို စာပေကြောင့် အမှားအမှန်ကို ဝေဖန်ပိုင်းခြားပေးနိုင်ဖို့ဖြစ်ပါတယ်" ဟုပြောကြားသည်။
မြို့နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းကိုအမှုဆောင် ၁၁ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး တိုင်းဒေသကြီးဖောင်ဒေးရှင်းမှ ကျောင်းစာ ကြည့်တိုက် တစ်ခုအတွက် စာအုပ်စာစောင်များကိုလည်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)