မိုင်းယောင်း၌ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့ဖြင့် ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး

မိုင်းယောင်း    ဩဂုတ်   ၂၀

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မှန်ကန်သော မဲဆန္ဒရှင်စာရင်းများ ပြုစုနိုင်ရေးနှင့် မဲဆန္ဒရှင်များ ကျန်ရှိမှုမရှိစေရေး မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့ရှစ်ဖွဲ့သည် ယနေ့က တစ်အိမ်တက် တစ်အိမ်ဆင်းစနစ်ဖြင့် ကွင်းဆင်းတိုက်ဆိုင် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

မိုင်းယောင်းမြို့နယ်တွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာခြင်းကို ဇူလိုင်လ ၂၅ ရက်မှ ဩဂုတ်လ ၁၄ ရက်နေ့အထိ ကပ်ထားကြေညာထားခဲ့ပြီး မှန်ကန်သော မဲဆန္ဒရှင်စာရင်း ပြုစုနိုင်ရေးနှင့် မဲဆန္ဒရှင် ကျန်ရှိမှုမရှိစေရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ မြို့နယ်ရဲမှူး မျိုးမြင့်ဦးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးတို့က ရပ်ကွက်နှင့် ဝေးလံသည့် ကျေးရွာအုပ်စုများအထိ ကွင်းဆင်းပြီး တစ်အိမ်တက်၊ ဆင်း စနစ်ဖြင့် တိုက်ဆိုင်စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။

တိုက်ဆိုင်စစ်ဆေးရာတွင် ဆန္ဒမဲစာရင်းပါ အချက်အလက်များ မှန်ကန်မှု ရှိ/မရှိနှင့် အသက်(၁၈) နှစ် ပြည့်ပြီးသူတိုင်း မဲစာရင်းတွင် ပါ/မပါ စစ်ဆေးခြင်း၊ ကျန်ရှိသူများကို မဲစာရင်းတွင် ပါဝင်ခွင့်ရရှိရေး ပုံစံ(၃-က)ဖြင့် လည်းကောင်း မဲစာရင်းတွင် အမည်မပါဝင်သူများ ပုံစံ(၃)ဖြင့် လည်းကောင်း လျှောက်ထားနိုင်ရေး၊ မပါဝင်သင့်သည့် အမည်စာရင်းများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်းနှင့် မဲစာရင်းပါအချက်အလက် မှားယွင်းမှုများကို ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လျှောက်ထားနိုင်စေရေးအတွက် ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

အားချာ(ပြန်/ဆက်)