တန့်ယန်းမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် နမ့်ဟောင်ချောင်းရေလျှံတက်ကာ လူနေအိမ်များအတွင်း ရေဝင်ရောက်မှု ဖြစ်ပွား

တန့်ယန်း   သြဂုတ်   ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းခဲ့ရာ ယနေ့နံနက်ပိုင်း က အမှတ်(၁)၊ အမှတ်(၆)၊ အမှတ်(၁၀) ရပ်ကွက်များကို ဖြတ်သန်း စီးဆင်းနေသော နမ့်ဟောင်ချောင်းရေလျှံတက်ကာ ချောင်းဘေးအနီးနားရှိ လူနေအိမ်အချို့ ရေဝင်ရောက်မှု ရှိခဲ့သည်။

ရေဝင်ရောက်ခဲ့သော ချောင်းဘေး အနီးအနားရှိ ရပ်ကွက်များမှ လူနေအိမ်အချို့၏ မိသားစုများအား နယ်မြေခံတပ်နယ်အသီးသီးမှ အရာရှိများနှင့် တပ်မတော်သားများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်အရန် မီးသတ်တပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးကြကြောင်းနှင့် ရေဝင်ရောက်လျက်ရှိသော အိမ်ထောင်စုစာရင်းများကို လိုက်လံကောက်ယူ စာရင်းပြုစုနေကြောင်း သိရသည်။                                                      

မင်းလွင်ဦး(ပြန်/ဆက်)