မော်ချီးကျေးရွာ၌ မူးယစ်ဆေးဝါး အန္တရာယ်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြော

ဖားဆောင်း မတ် ၁၀

ကျေးလက်ဒေသများတွင် နေထိုင်သော ဒေသခံပြည်သူများ အမျိုးသားရေးအသိဖြင့် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်များ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်နှင့် စပ်လျဉ်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ သိရှိစေရန်နှင့် မှုခင်းဖြစ်ပွားမှုမရှိစေရေးတို့တွင် ပူးပေါင်း ပါဝင်နိုင်စေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါး အန္တရာယ်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ဘောလခဲခရိုင် ယာယီရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စောမိုးရှေက ဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို အဖွင့်အမှာစကား ပြောကြားပြီး၊ ကယားပြည်နယ် မူးယစ်တပ်ဖွဲ့မှ တပ်ဖွဲ့စုမှူး ဝင်းနိုင်က မူးယစ်ဆေးဝါး ဆိုးကျိုးများ ၊ ပြစ်မှု၊ ပြစ်ဒဏ်များကိုလည်းကောင်း၊ ဘောလခဲခရိုင် ယာဉ်ထိန်းတပ်ဖွဲ့မှ ရဲအုပ် သက်ဆွေကယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သိကောင်းစရာများနှင့်ဆောင်ရန်၊ ရှောင်ရန်များကို လည်းကောင်း၊ ကယားပြည်နယ် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးတပ်ဖွဲ့မှ ဒုရဲအုပ်ကျော်ဆန်း က လူကုန်ကူးမှုနှင့် သက်ငယ်မုဒိမ်းမှု မဖြစ်ပွားစေရေးကို လည်းကောင်း၊ ဖားဆောင်းမြို့နယ် မြို့မရဲစခန်းမှူး ရဲမှူးကျော်စိုးက မှုခင်းကျဆင်းရေးနှင့် မှုခင်းဖြစ်ပွားမှု မရှိစေရေး ၊ မူးယစ်ဆေးဝါးသည် လူသားတို့အတွက် ကောင်းကျိုးမပေးဘဲ ဆိုးကျိုးကိုသာ ပေးသောအရာဖြစ်ကြောင်း၊ နိုင်ငံတော်မှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိသဖြင့် ဒေသခံပြည်သူများ အနေဖြင့် မှုခင်းကျဆင်းရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်စေလိုကြောင်း ဟောပြောခဲ့ကြသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ကယားပြည်နယ်ရဲမှူး ရဲမှူးကြီးကျော်စိုး၊ ဒုတိယယာယီရဲမှူးကြီးလှရီ၊ ဘောလခဲခရိုင် ယာယီရဲမှူးကြီး စောမောရှည်၊ ဖားဆောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်မိုး၊ ဖားဆောင်းမြို့နယ် မြို့မရဲစခန်းမှူး ရဲမှူးကျော်စိုးနှင့် တာဝန်ရှိသူများ ဒေသခံပြည်သူများ စုစုပေါင်း(၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

နန်းသဲနုအောင်(ပြန်/ဆက်)