ရွှေကျီးနားမဟာစေတီတော်မြတ်ကြီး၏ (၁၄၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားကျင်းပ

ဗန်းမော် မတ် ၁၀

ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ သမိုင်းဝင်ရွှေကျီးနားမဟာစေတီတော်မြတ်ကြီး၏ (၁၄၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရွှေကျီးနားစေတီတော်မုခ်ဦးဝ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်၊ အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကျော်၊ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး နိုင်ဇော်ဦး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး တိုးလွင်နှင့် တာဝန် ရှိသူများတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ၎င်းနောက် ဗန်းမော်မြို့နယ် သံဃမဟာနာယကဥက္ကဋ္ဌ ကန်ဦးပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တကေသဝ ဦးဆောင်၍ ရွှေကျီးနား စေတီတော်မြတ်ဝင်းအတွင်း စီတန်းကြွချီကာ ဓမ္မာရုံအတွင်း၌ နမောတဿသုံးကြိမ်ရွတ်ဆို၍ ဘုရား ကန်တော့ခြင်း၊ ငါးပါးသီလခံယူ တည်ဆောက်ခြင်း၊ ပရိတ်တရားတော်မြတ်နာယူခြင်းနှင့်  တက်ရောက် လာသည့် တာဝန်ရှိသူတို့က လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဗန်းမော်မြို့ရှိ ရွှေကျီးနားမဟာစေတီတော်မြတ်ကြီးအား တပေါင်းလဘုရားပွဲဖြစ်သော ဗုဒ္ဓပူဇနိယပွဲတော်သည် နှစ်စဉ်ကျင်းပလျက်ရှိရာ ယခုနှစ်တွင် (၁၄၈)ကြိမ်မြောက် ရှိပြီးဖြစ်ကြောင်း၊ အဆိုပါပွဲကာလမှာ မတ်လ ၁ဝ ရက်နေ့မှ ၁၉ ရက်နေ့အထိ (၁ဝ)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပသွား မည်ဖြစ် ပွဲကာလအတွင်း မြို့နယ်ကျန်းမာရေးဌာန ဝန်ထမ်းများက ကျန်းမာရေးကြီးကြပ်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သိရသည်။

သျှမ်းကလေး (ဗန်းမော်)