ငွေဆောင် ဩဂုတ် ၂၁
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ငွေဆောင်ကမ်းခြေကို အမှီပြုလုပ်ကိုင်နေထိုင်ကြသော အခြေခံလူတန်းစားများဖြစ်သော ခေါင်းရွက် ဗျက်ထိုးဈေးသည်များ၊ အနှေးယာဉ် လုပ်သားများ၊ ဆိုင်ကယ်ကယ်ရီ မောင်းသမားများ၊ လက်လုပ်လက်စား လုပ်သားများအား COVID-19 Relief Package (1) သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် ငွေဆောင်ကမ်းခြေ၊ ယမုံနာဦးဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးဝင်းမှ အဖွင့်အမှာစကား ပြောကြားပြီး မြို့အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏဝင်းမှ ကမ်းခြေတွင် စျေးရောင်းချနေသည့် ခေါင်းရွက်ဗျက်ထိုး စျေးသည်များနှင့် ပတ်သက်၍ လိုက်နာရမည့် ဆောင်ရန်ရှောင်ရန် အချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းသို့ သင်တန်းသား/ သူ ၃၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း၊ သင်တန်းကာလမှာ ၈ ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ငွေဆောင်မြို့၊ အမှတ်(၂) ရပ်ကွက် သာသနာ့ရံသီ ဘုန်းတော်ကြီးကျောင်းတွင် ငွေဆောင်ဟိုတယ်ဇုန်မှ ပညာရှင်များက ခရီးသွားလုပ်ငန်းနှင့် ပက်သတ်သည့် အခြေခံအသိပညာများ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်းသိရသည်။
မူမူသွင်(ပြန်/ဆက်)