ငပုတောမြို့နယ်အတွင်း ကိုဗစ် - ၁၉ မဖြစ်ပေါ်စေရေး ပြည်သူများသတိပြုသွား၊ လာနေထိုင်ရန် လိုက်လံအသိပေးနှိုးဆော်

ငပုတော  ဩဂုတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်း ကိုဗစ် - ၁၉ မဖြစ်ပေါ်စေရေးနှင့် ပြည်သူများအနေဖြင့် သတိပြုလိုက်နာနိုင်ရေးအတွက် မြို့နယ်ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် သတင်း ပြန်ကြားရေးကော်မတီက ယနေ့ နံနက် ၁၀ နာရီအချိန်တွင် မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်မှုများ ပြုလုပ်ခဲ့ကြသည်။

ကိုဗစ် - ၁၉ ရောဂါ ဒုတိယလှိုင်းမဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ပြည်သူများလိုက်နာရမည့် အဓိကအချက်(၈)ချက်ဖြစ်သည့် တတ်နိုင်သမျှ မိမိအိမ်တွင်သာ နေထိုင်ခြင်း၊ လူစုလူဝေးရှိရာနေရာများသို့ မလိုအပ်ဘဲ(လုံးဝ) မသွားခြင်း၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်းနှင့် ဖြစ်နိုင်ပါက အနည်းဆုံး(၆)ပေ အကွာမှ သာနေထိုင် ၊ပြောဆိုဆက်ဆံခြင်း၊ အပြင်ထွက်ခွာသည့် အခါတိုင်းနှင့် လူစုလူဝေးရှိရာနေများသို့ သွားလာသည့်အခါတိုင်း နှာခေါင်းစည်း(mask)များ စနစ်တကျ တပ်ဆင်သွားလာခြင်း၊ လက်တွင် ကပ်ပါလာနိုင်သော ဗိုင်းရပ်စ်ပိုးများ ပျက်စီးစေရန်အတွက် လက်ကို ဆပ်ပြာနှင့်ရေ အသုံးပြု၍ စက္ကန့် ၂၀ ကြာအောင် ဆေးကြောခြင်း၊ နိုင်ငံခြားမှပြန်ရောက်လာသူများအား အသွားအလာ တားမြစ်ပိတ်ပင်၍ သီးသန့်ခွဲခြားနေထိုင်စေခြင်း (Quarantine) လုပ်ငန်းစဉ်များတွင် အပြည့်အဝ ပူးပေါင်းပါဝင်ခြင်းနှင့် တရားမဝင် ပြန်လည်ဝင်ရောက်လာသူများရှိက မဖြစ်မနေ သတင်းပို့ခြင်း၊ ရောဂါပိုးရှိသူ အတည်ပြု လူနာနှင့် ဆက်စပ်ထိတွေ့မှုရှိသူများ၊ သံသယ ရောဂါလက္ခဏာများဖြစ်သည့် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ ရုတ်တရက် အနံ့အရသာ ပျောက်ဆုံးခြင်း၊ အသက်ရှူရခက်ခဲခြင်း စသည်တို့ခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာန (သို့မဟုတ်)အုပ်ချုပ်ရေးမှူးရုံးသို့ အမြန်ဆုံး သတင်းပို့ခြင်း၊ ရောဂါပိုးရှိသူ အတည်ပြုလူနာနှင့် ဆက်စပ် ထိတွေ့မှုရှိသူများကို ရှာဖွေဖော်ထုတ်ခြင်း လုပ်ငန်းစဉ်များတွင် အပြည့်အဝ ပူးပေါင်း ပါဝင်ပေးခြင်း အစရှိသည့်တို့ကို လိုက်လံအသိ‌ပေး နှိုးဆော်ကြေငြာခဲ့ကြောင်း ကော်မတီ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်နေသည့်  ပြန်/ဆက်ဦးစီးဌာနမှ သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)