ကန်ကြီးထောင့်မြို့နယ်၌ မဲရုံပြင်ဆင်ထားရှိမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကန်ကြီးထောင့်   ဩဂုတ်  ၂၁

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ မိချောင်းတစ်ရာကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် မဲရုံပြင်ဆင်ထားရှိမှု အခြေအနေများကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

အတွင်းရေးမှူးနှင့် စစ်ဆေးရေးအဖွဲ့တွင် လိုက်ပါသည့် ခရိုင်နှင့်မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ကန်ကြီးထောင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက မိချောင်းတစ်ရာ ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းအတွင်း မဲရုံပြင်ဆင်ဆောင်ရွက်ထားရှိမှုအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကန်ကြီးထောင့် မြို့နယ်အတွင်းရှိ ရပ်ကွက် ၇ ခုနှင့် ကျေးရွာအုပ်စု ၇၃ အုပ်စုတွင် မဲရုံပေါင်း ၁၃၉ ရုံ ထားရှိသွား မည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

နန်းထိုက်(ပြန်/ဆက်)