ရေကြည်မြို့နယ်၌ ကြက်မွေးမြူရေးသင်တန်း ဖွင့်လှစ်သင်ကြား

ရေကြည် ဩဂုတ် ၂၁

ရေကြည်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလ စီးပွားရေးအပေါ် ထိခိုက်မှုသက်သာရေး စီမံချက်(CERP)အရ တိရစ္ဆာန်မွေးမြူရေးထုတ်လုပ်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အသိပညာပေး သင်တန်းအဖြစ် ကြက်မွေးမြူရေးသင်တန်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်တွင် သစ်ငုတ္တထောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

သင်တန်းတွင်  ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေပြည်သူများ၊ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် တိုင်းရင်းကြက် မွေးမြူခြင်း လုပ်ငန်း ပိုမိုဖြစ်ထွန်းလာစေရန်၊ တိုင်းရင်းကြက်မွေးမြူရေးကို စနစ်တကျ မွေးမြူလာခြင်း အားဖြင့် ကူးစက်ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ခြင်း၊ တစ်ပိုင်တစ်နိုင်မွေးမြူရေးမှ စီးပွားဖြစ် မွေးမြူလာခြင်း၊ အစားအစာဘေးကင်းလုံခြုံခြင်း၊ အစားအစာဖူလုံခြင်း၊ အသားကဏ္ဍ တိုးတက်လာခြင်းနှင့် မိသားစုဝင်‌ငွေ တိုးတက်လာစေရန် ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ‌မိုးသူဇာက ပြောကြားသည်။

အဆိုပါ သင်တန်းကို မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက သင်ကြားပေးသွားမည်ဖြစ်ပြီး ကျေးရွာ အတွင်းရှိ ကြက်မွေးမြူရေး လုပ်ကိုင်သူများနှင့် စိတ်ပါဝင်စားသူ သင်တန်းသား(၂၀)ဦး ကို (၃)ရက်ကြား သင်ကြားပို့ချ သွာမည်ဖြစ်ကြောင်း သိရသည်။

အောင်သူဟန်(ပြန်/ဆက်)