ညောင်တုန်းမြို့၌ မဲဆန္ဒရှင်စာရင်းများ ပြန်လည်ပြင်ဆင်ဖြည့်စွက် ပြုစုခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး

ညောင်တုန်း  ဩဂုတ်  ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ် ကြေညာပြီးနောက် လာရောက်လျှောက်ထားသူ၊ ကန့်ကွက်သူ၊ ပြင်ဆင်သူများ၏ မဲဆန္ဒရှင်စာရင်းများကို ပြန်လည်ပြင်ဆင်ဖြည့်စွက် ပြုစုခြင်းလုပ်ငန်းများကို ဩဂုတ်လ ၁၇ ရက် နေ့မှ စတင်၍ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ညောင်တုန်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ် ဇူလိုင်လ ၂၅ ရက်နေ့မှ ဩဂုတ်လ ၁၄ ရက်နေ့အထိ ၂၁ ရက်အကြာ ကြေညာပေးခဲ့ပြီးနောက် မဲစာရင်းတွင် အမည်မပါသဖြင့် ပုံစံ(၃)ဖြင့် လာရောက်လျှောက်ထားသူ (၁၄၂၈)ဦး၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေ၍ ပုံစံ(၄)ဖြင့် လာရောက် ကန့်ကွက်သူ(၈၀၈)ဦး၊ အချက်အလက်များ မှားယွင်း နေသဖြင့် ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်ရန် လာရောက်လျှောက်ထားသူ(၁၁၃၂)ဦး ရှိခဲ့သည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းများ ပထမအကြိမ် ကြေညာပြီးနောက် လာရောက်လျှောက်ထားသူ၊ ကန့်ကွက်သူ၊ ပြင်ဆင်သူများ၏ မဲဆန္ဒရှင်စာရင်းများကို ပြန်လည် ပြင်ဆင်ဖြည့်စွက် ပြုစုခြင်းလုပ်ငန်းများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဖီးလစ်သောင်းရွှေ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်သန်းသန်းစိုးနှင့် တာဝန်ရှိသူများက ဆောင်ရွက်ပေးလျှက်ရှိရာ ဩဂုတ်လ ၁၇ ရက်နေ့မှ ဩဂုတ်လ ၂၁ ရက်နေ့ထိ ရပ်ကွက်/ ကျေးရွာအုပ်စု ၂၁ အုပ်စု ဆောင်ရွက်ပြီးစီးခဲ့ပြီး ကျန်ရှိနေသေးသည့် ရပ်ကွက်/ကျေးရွာ ၃၃ အုပ်စုတို့အား ဩဂုတ်လအတွင်း အပြီးသတ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝဠာနိုင် (ညောင်တုန်း)