မြောင်းမြခရိုင်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မြောင်းမြ  သြဂုတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်အတွင်း  မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီအချိန်တွင် မြောင်းမြခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

 ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး ဦးသန်းဆွေဝင်းက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားတိုင်း မဲဆန္ဒရှင်စာရင်းတွင် ပါဝင်နိုင်ရေး၊ မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်ရေးနှင့် ကျန်ရှိမှုမရှိစေရေး ဆွေးနွေး မှာကြားသည်။

ဆက်လက်၍ မြောင်းမြခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးနှင့် မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်/ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ဦးစီးမှူးများက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေမှု၊ မဲဆန္ဒရှင်စာရင်း တိကျမှန်ကန် စေရေးအတွက် ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ထားမှုကို လည်းကောင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်နေမှုကို လည်းကောင်း အသီးသီး ရှင်းလင်း တင်ပြကြသည်။

မြောင်းမြခရိုင်အတွင်း  မြို့နယ် ၃ မြို့နယ်၌ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများမှ ပုံစံ(၃)၊ ပုံစံ (၃-က)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ)ဖြင့် လျှောက်ထားလာမှုများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အသီးသီး၌ မဲစာရင်းတွင် မဲစာရင်းထည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများကို သြဂုတ်လ ၃၁ ရက်နေ့ အထိ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အောင်မင်း (မြောင်းမြ)