ပုသိမ်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ လူရည်ချွန်​ကျောင်းသား ​ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်​

ပုသိမ်  သြဂုတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်  ၂၀၂၀ ပြည့်နှစ်၊ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းကို၊ ပုသိမ်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ရတနာတန်ဆောင် ခန်းမ၌ ယ​နေ့ နံနက် ၉ နာရီတွင် ကျင်းပသည်။

ဂုဏ်ပြုချီးမြှင့်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးပညာ​ရေးမှူး ဦး​ကျော်ဝင်းက ပညာထူးချွန်သော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ရောင့်ရဲတင်းတိမ်စွာ နေခြင်းမျိုးမလုပ်ပဲ တသက်တာ အတွက်များစွာ ပညာရှာဖွေကြရအုံးမည်ဖြစ်ကြောင်း၊ ပညာရေးထူးချွန်သူများကို ဂုဏ်ပြုရန်အတွက် နိုင်ငံတော်မှ စီစဉ်ထားမှုများရှိသော်လည်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေချိန်​ဖြစ်သောကြောင့် ဂုဏ်ပြုပွဲများ မကျင်းပနိုင်ခြင်းဖြစ်ကြောင်း၊ တို့ကိုပြောကြားခဲ့ပြီး ပုသိမ်မြို့ ကုတင် ၅၀၀ ဆန့် အထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ် (ပင်းတယ မီးအိမ်ရှင်)က လူရည်ချွန်မောင်မယ်များကို ဂုဏ်ပြုစကား ပြောကြားသည်။

ပုသိမ်ခရိုင်အတွင်း လူရည်ချွန် ၁၂ ဦး ပေါ်ထွက်ခဲ့ပြီး၊ သုံးထပ်ကွမ်း ၁ ဦး၊ နှစ်ထပ်ကွမ်း ၄ ဦး၊ တစ်ထပ်ကွမ်း ၇ ဦး ရှိကြောင်းနှင့် ပုသိမ်မြို့ အမှတ် ၆ အခြေခံပညာ အထက်တန်းကျောင်းမှ လူရည်ချွန် ၄ ဦးပေါ်ထွက်ခဲ့ပြီး ကိုယ်ပိုင်ကျောင်းများမှ ၅ ဦး၊ အခြေခံပညာကျောင်းများမှ ၃ ဦး ရှိကြောင်းသိရသည်။

မြင့်ဟန်(ပြန်/ဆက်)