နမ့်ဆန် ဩဂုတ် ၂၁
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာန မြို့နယ်အခွန် ဦးစီးဌာနမှူးရုံးတွင် ပြည်ပမှ တရားဝင်အရက်တင်သွင်းခွင့်ပြုခြင်း၊ ပြည်တွင်း၌ ရောက်ရှိနေသော အရက် အမျိုးမျိုးအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချစေခြင်း လုပ်ငန်းစီမံချက် ရှင်းလင်းဆွေးနွေးပွဲကို ယမန် နေ့ မွန်းလွဲ(၃)နာရီ က ပြုလုပ်သည်။
အဆိုပါ လုပ်ငန်းစီမံချက် ရှင်းလင်းဆွေးနွေးပွဲတွင် နမ့်ဆန်မြို့ပေါ်ရှိ ကုန်စုံဆိုင်ပိုင်ရှင်များ၊ စားသောက်ဆိုင် ပိုင်ရှင်များနှင့် အခွန်ထမ်းပြည်သူများတို့က တက်ရောက်ပြီး မြို့နယ်အခွန် ဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ ဦးနိုင်လင်းထွန်း က ပြောကြားရာတွင် ပြည်ပမှအရက်များအား ပြည်တွင်းကို တရားဝင် တင်သွင်း ခွင့်ပြု လိုက်ပြီဖြစ်သည့်အတွက် ပြည်တွင်းကို တရားဝင်တင်သွင်း ခွင့်ရရှိတဲ့ လုပ်ငန်းရှင်တွေက ပြည်တွင်းမှာ ရှိတဲ့တရားမဝင် ရောင်းချနေတဲ့ ပြည်ပအရက်တွေနဲ့ ယှဉ်ပြိုင်ပြီး ရောင်းချသည့်အခါမှာ နစ်နာမှုမရှိစေရန်၊ ပြည်တွင်းမှာရောက်နေတဲ့ ပြည်ပ အရက်များကို ကျသင့်အခွန်ပေးဆောင်ပြီး A1 အမှတ်အသား (ခြင်္သေ့)အခွန် အမှတ်တံဆိပ်တွေ ကပ်နှိပ်ပေးသွားမှာဖြစ်ပါသည်။ ယခုမှာတော့ စီမံချက်ကာလကို (၉)လပိုင်းကုန်အထိ သတ်မှတ်ထားပြီး အဆိုပါကာလကျော်သွားပါက အခွန်တံဆိပ်ကပ်မထားသော ပြည်ပအရက်များကို အရေးယူမဲ့အပိုင်းတွေ ပြုလုပ်သွားမှာဖြစ်သည့်အပြင် ပစ္စည်းတန်ဖိုးရဲ့ (၁၀၀)ရာခိုင်နှုန်းကို ပေးဆောင်ရမယ့် အပြင် အဆိုပါပစ္စည်းများကို ပြည်သူ့ဘဏ္ဍာ အဖြစ်သိမ်းယူသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အကောက်ခွန်ဥပဒေ၊ အခြားတည်ဆဲဥပဒေတွေနဲ့လည်း ကုန်ပစ္စည်းပိုင်ရှင်ကို အရေးယူမှာ ဖြစ်ပါသည်။ အဓိကကတော့ ပြည်တွင်းမှာရောက်ရှိနေတဲ့ တရားမဝင် ပြည်ပအရက်တွေကို ပပျောက်စေချင်တဲ့ ရည်ရွယ်ချက်ဖြင့် လောလောဆယ် အရေးမယူဘဲနဲ့ စီမံချက်ကာလမှာ ကျသင့်အခွန်အခတွေ ပေးဆောင်အခွန်အမှတ်တံဆိပ်တွေ ကပ်နှိပ်ပေးပြီး တရားဝင်ရောင်းချခြင်း ဖြစ်အောင် ဆောင်ရွက်ပေးမှာဖြစ်သည့်အတွက် ယခုလိုပြည်သူများကို ရှင်းလင်းဆွေးနွေးပွဲ လုပ်ရတာဖြစ်ကြောင်း မြို့နယ်အခွန် ဦးစီးဌာနမှူးရုံးမှ သိရသည်။
အောင်မိုး (နမ့်ဆန်၊ ပြန်/ဆက်)