ကွတ်ခိုင်မြို့နယ်အတွင်း မဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးခွင့်ဆုံးရှုံးမှုမရှိစေရန်နှင့် မဲစာရင်းများ မှန်ကန်မှုရှိစေရန် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ကွတ်ခိုင်   ဩဂုတ်  ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ မဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးခွင့်ဆုံးရှုံးမှု မရှိစေရန်နှင့် မဲစာရင်းများ မှန်ကန်မှုရှိစေရန် တာဝန်ရှိသူများ ယနေ့နံနက်ပိုင်း က လာရောက်ကွင်းဆင်း စစ်ဆေးသည်။

ရှေးဦးစွာ မဲဆန္ဒစာရင်းများနှင့် ပတ်သက်၍ One Stop Shop ရုံးအတွင်း ဌာနဆိုင်ရာများ၏ ပူးပေါင်း ဆောင်ရွက်မှု အခြေအနေများကို  ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများ၊ မြို့နယ်မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်း ကော်မတီဝင်များက သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက်  ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ရာ  မဲဆန္ဒရှင်စာရင်းတွင် မဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်း ကျန်ခဲ့ခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေခြင်း၊ ပါဝင်နေသော အချက်အလက်များ မှားယွင်းနေခြင်းစသည့် လုပ်ငန်းလိုအပ်ချက်များနှင့် ပတ်သက်၍  စာရင်းများ တိကျမှန်ကန်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ထည့်သွင်း၊ ပယ်ဖျက်၊ ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အချိန်မီပြီးစီးစေရန် လိုအပ်ကြောင်းနှင့် အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ရန် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူဇော် တိုက်တွန်း ပြောကြားရာ  မြို့နယ်အုပ်ချုပ်‌ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊  မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူများ၊ မြို့နယ်မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်း ကော်မတီဝင်များ၊ ရက်ကွက် အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ စာရေးဝန်ထမ်းများက မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာ ထားရှိမှု အခြေအနေများနှင့် လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များကို ရှင်းလင်းဆွေးနွေးသည်။

ကွတ်ခိုင်မြို့နယ်အတွင်း ထုတ်ပြန်ကြေညာထားသည့် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း၌  အမည်စာရင်းမပါ၍  ပုံစံ(၃)ဖြင့် လျှောက်ထားသူ ၁၈၅၅ ဦး၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေခြင်းကို ကန့်ကွက်သည့် ပုံစံ(၄) ဖြင့် လျှောက်ထားသူ ၉၈၂ ဦး၊ ကိုယ်ရေးအချက်အလက် မှားယွင်း၍ ပြင်ဆင်ရန် ပုံစံ(၄-ဂ)ဖြင့် လျှောက်ထားသူ ၈၅၃ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

မိုင်းဘဉာဏ်(ပြန်/ဆက်)