ပေါင်းလောင်းရေလွှဲဆည်၊ ချောင်းမငယ်နှင့် ဖောင်းလောင်ရေလှောင်တမံစီမံကိန်းတို့တွင် ပါဝင်သွားသော မြေဧရိယာများအတွက် လျော်ကြေး၊နစ်နာကြေးများ ပေးအပ်

လယ်ဝေး      ဩဂုတ်   ၂၁

ပေါင်းလောင်းရေလွှဲဆည်၊ ချောင်းမငယ်ရေလှောင်တမံနှင့် ဖောင်းလောင်ရေလှောင်တမံစီမံကိန်း ဧရိယာများတွင်ပါဝင်သွားသော မြေဧရိယာများအတွက် နစ်နာကြေး၊ လျော်ကြေး ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန် က ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ် သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန် က အမှာစကားပြောကြားသည်။ ထို့နောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်ဦးနှင့် ဆည်မြောင်းနှင့်ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး(၅) ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်တို့က လျော်ကြေး၊ နစ်နာကြေးပေးချေခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက စီမံကိန်းတွင် ပါဝင်သည့် မြေဧရိယာများအတွက် လျော်ကြေး၊ နစ်နာကြေးများအား တောင်သူများကိုယ်စား သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများထံ ပေးအပ်သည်။

အဆိုပါ ရေလွှဲဆည်နှင့် ရေလှောင်တမံစီမံကိန်းဧရိယာများတွင် ပါဝင်သွားသည့် ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ဇေယျာသီရိမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်တို့မှ ကျေးရွာအုပ်စု (၁၄)အုပ်စု၊ တောင်သူ(၁၂၇၀)ဦးတို့၏ စိုက်ပျိုးမြေဧရိယာ (၃၅၉၁.၇၃) ဧကအတွက် လျော်ကြေး၊ နစ်နာကြေး စုစုပေါင်းကျပ်(သိန်းရှစ်ထောင်သုံးဆယ်)အား ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)