နမ္မတူ ဩဂုတ် ၂၁
နမ္မတူမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပန်ဟိုက်ရပ်ကွက် (၆)ဘောလုံးကွင်းရှိ ယာယီပျံကျဈေးတွင် မိုးရေများဝင်ရောက်ကာ ရွှံ့နွံများဖြစ်ပေါ်လျက်ရှိပြီး ရောင်းရေး/ဝယ်ရေး အခက်အခဲဖြစ်ပေါ်နေမှုအား အဆင်ပြေစေရေး ယာယီပျံကျဈေးသည်များနှင့် တွေ့ဆုံကာ ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခြင်းကို ယနေ့ နေ့လည် (၁၁)နာရီအချိန် က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် မြို့တော်ခန်းမ၌ ဆောင်ရွက်ခဲ့ရာ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစံဟွမ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်အောင်ဖြိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ယာယီပျံကျဈေးတွင် ဈေးရောင်းချလျက်ရှိသော ဈေးသူ/ဈေးသား (၁၁၅)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ရာတွင် ရှေးဦးစွာ နမ္မတူမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစံဟွမ် က အမှာစကားပြောကြားပြီး မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်အောင်ဖြိုး က အမှာစကား ပြောကြားရာတွင် လက်ရှိဈေးအားခွဲထားခြင်းမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ဧပြီလ (၁၉)ရက်နေ့မှ စတင်ကာ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက် ထားရှိခြင်း ဖြစ်ကြောင်း၊ ကော်မတီမှဆုံးဖြတ်ထားသည့် လက်ရှိယာယီပျံကျဈေးတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မိုးရေများဝင်ရောက်ကာ ရွှံ့နွံများဖြစ်ပေါ်လျက်ရှိပြီး ရောင်းရေး/ဝယ်ရေး အခက်အခဲဖြစ်ပေါ်နေမှုအား အဆင်ပြေစေရေးအတွက် မြို့နယ်ကော်မတီမှ ယာယီပျံကျဈေး ဆောင်ရွက်ထားရှိသည့် ဘော်လုံးကွင်း ပတ်ပတ်လည်တွင် မိုးရေများ ဝင်ရောက်မှုမရှိစေရေးအတွက် ရေမြောင်းများ တူးဖော်ဆောင်ရွက်ပေးခြင်း၊ ယာယီပျံကျ ဈေးအတွင်း လူသွားလမ်းများပေါ်တွင် ရွံ့နွံများ မဖြစ်ပေါ်စေရေးအတွက် ဝါးကတ်များ ခင်းကျင်းပေးခြင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယာယီပျံကျ ဈေးသူ/ ဈေးသားများ တောင်းဆိုထားသည့် မြတ်လေးလမ်းတွင် ဈေးရောင်းချလိုပါကလည်း လမ်းဘေးရှိ အိမ်ရှင်များထံ ညှိနှိုင်းဆွေးနွေး ပေးမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကာ ယာယီပျံကျဈေးတွင် ဈေးရောင်းချလျက်ရှိသော ဈေးသူ/ဈေးသားများအား ဆန္ဒသဘောထားများ တောင်းခံခဲ့သည်။
ထိုသို့ဆန္ဒသဘောထားများ တောင်းခံရာတွင် မြို့မဈေးအနီး မြတ်လေးလမ်းတွင် ယာယီပျံကျဈေး ရွေ့ပြောင်းလိုသူ (၁၀)ဦးခန့် သာရှိပြီး၊ ယခင်ယာယီပျံကျဈေးနေရာတွင်ပဲ ရောင်းချလိုသူ (၁၀၅)ဦးခန့် ရှိသဖြင့် ပန်ဟိုက်ရပ်ကွက် (၆)ဘောလုံးကွင်းရှိ ယာယီပျံကျဈေးတွင်သာ ဈေးရောင်း ချဆောင်ရွက်ရန် သဘောတူခဲ့ပြီး ယာယီပျံကျဈေး ဆောင်ရွက်ထားရှိသည့် ပန်ဟိုက် ရပ်ကွက် (၆) ဘောလုံးကွင်း ပတ်ပတ်လည်တွင် မိုးရေများ ဝင်ရောက်မှုမရှိစေရေးအတွက် ရေမြောင်းများ တူးဖော်ဆောင်ရွက်ပေးခြင်း၊ ယာယီပျံကျဈေးအတွင်း လူသွားလမ်းများပေါ်တွင် ရွံ့နွံများ မဖြစ်ပေါ်စေရေး အတွက် ဝါးကတ်များခင်းကျင်းပေးခြင်း လုပ်ငန်းများအား ယခု ဩဂုတ်လ အတွင်း အပြီးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင် သာယာရေးဦးစီးဌာန အမှုဆောင်အရာရှိ ဦးသက်နိုင်ထွန်းထံမှ သိရသည်။
လူမော် (ပြန်/ဆက်)