မယ်စဲ့ မတ် ၉
ပြည်သူများ မူးယစ်ဆေးဝါးအန္တရာယ်ကို သိရှိခြင်းဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းစဉ်များတွင် အမျိုးသားရေးအသိဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ်နှင့် မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်၊ ဟိုစဲ့ကျေးရွာ နှစ်ခြင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်း၌ ကျင်းပသည်။
ဟောပြောပွဲတွင် ဘောလခဲခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးစောမိုးရှေက မူးယစ်ဆေးဝါးသည် လူသားတို့အတွက် ကောင်းကျိုးမပေးဘဲ ဆိုးကျိုးကိုသာပေးသောအရာဖြစ်ကြောင်း၊ နိုင်ငံတော်မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိရာ ပြည်သူများမှ ပူးပေါင်းပါဝင်စေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်းက အသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ မြို့မစခန်းမှူး ဒုတိယရဲမှူးသန်းအောင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို လည်းကောင်း၊ ကယားပြည်နယ် မူးယစ်တပ်ဖွဲ့မှ ရဲမှူးဝင်းနိုင်က မူးယစ်ဆေးဝါးအန္တရာယ်ဆိုးကျိုးများ၊ ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊ ကယားပြည်နယ် ယာဉ်ထိန်းတပ်ဖွဲ့မှ ရဲအုပ်သက်ဆွေက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကိုလည်းကောင်း၊ ကယားပြည်နယ် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုရဲအုပ်ကျော်သန်းက လူကုန်ကူးမှုနှင့် သက်ငယ်မုဒိမ်းမဖြစ်ပွားစေရေးကို လည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲသို့ ဒေသခံပြည်သူ(၂၀၀)ဦးခန့် တက်ရောက်ပြီး တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)