ပူတာအို မတ် ၁၈
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ကျောင်းသူ၊ ကျောင်းသားများနှင့် အားကစားဝါသနာရှင် လူငယ်မောင်မယ် များ အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ အားကစားလှုပ်ရှားခြင်းဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ တိုးတက်ဖွံ့ဖြိုး မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာ စေရန်ရည်ရွယ်၍ နွေရာသီကျောင်းပိတ်ရက်များတွင် ပူတာအိုမြို့ ပြည်သူ့အားကစားကွင်း၌ အားကစားနည်း လေးမျိုးကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးရန် စီမံချက်ရေးဆွဲ ဆောင်ရွက်ခဲ့သည်။
ပူတာအိုခရိုင်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် ယခုလ (၁၆) ရက်မှ (၃၁) ရက် နေ့အထိ ပြေးခုန်ပစ်အားကစားနည်း၊ ကရာတေးအားကစားနည်း၊ Aerobic(Fitness Dance) အားကစားနည်း၊ ဘောလုံးအားကစားနည်းများကို အခမဲ့သင်ကြားဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက်ခဲ့သည်။
ယခုအခါ ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပေါ်နေသည့် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်း ရပ်(စ်) Covid-19 ရောဂါကို ကြိုတင်ကာကွယ်သည့် အနေဖြင့် လူစုလူဝေးမဖြစ်စေရန် နွေရာသီ အားကစားသင်တန်း အခမဲ့ဖွင့်လှစ်မှုကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ပူတာအိုမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဒေါ်အားတာဒွေ့ ထံမှသိရသည်။
ဖုန်ကန်(ပူတာအို)