မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မက်မန်း      ဩဂုတ် ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်း မြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပ နိုင်ရေး အတွက် ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ရာ ခရိုင်၊မြို့နယ် ကော်မရှင် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ရှေ့ဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲ ပေးခွင့်ဆုံးရှုံးမှုမရှိစေရေး မဲဆန္ဒရှင်စာရင်းမှန်ကန်မှုရှိစေရန်နှင့် အမည်စာရင်းများပြည့်စုံ မှန်ကန်စေရန် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ဆန္ဒမဲပေးနိုင်ရန်အတွက် အထောက် အထားကတ်များ ထုတ်ပေးနိုင်ရေး၊ မဲဆန္ဒရှင် စာရင်းတွင်ပါဝင်သူများ အမှန်တကယ်မဲပေးနိုင်မှုရှိ/မရှိ နယ်မြေအလိုက် တာဝန်များခွဲဝေပြီး  တစ်အိမ် တက်ဆင်း စစ်ဆေးဆောင်ရွက်ရေး နှင့် မဲရုံတိုင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း လာရောက်မဲပေးနိုင်ရေး ၊ ဆန္ဒမဲပေးပြီးစာရင်းအား သက်ဆိုင်ရာ ကော်မရှင်ရုံးသို့ ဆက်သွယ် သတင်းပို့နိုင်ရန် လိုအပ်သည့် စီမံဆောင်ရွက် မှုများကို ကြိုတင်စီမံ ဆောင်ရွက်ထားကြရန်နှင့် နယ်မြေဒေသအလိုက် တာဝန်ယူဆောင်ရွက် ကြမည့် ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် အားလုံး ဝိုင်းဝန်း ကူညီဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ခရိုင်ကော်မရှင်အဖွဲ့ခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းထိုက်က  ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ နှင့်ပတ်သက်ပြီး ဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဦးပြည့်ဖြိုးအောင်က မြေပြင် ကွင်းဆင်းစိစစ်ရေးအဖွဲ့ ကွင်းဆင်းစိစစ်မှုအခြေအနေ၊ ပထမအကြိမ် မဲဆန္ဒရှင် စာရင်း ကြေညာထားရှိမှုအပေါ် ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ) တို့ဖြင့် လျှောက်ထား လာသည့် မဲဆန္ဒရှင် စာရင်းများအား ထည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက် ထားရှိမှုအခြေအနေ၊ မဲရုံနေရာများရွေးချယ်ထားရှိမှုနှင့် မဲရုံတစ်ရုံချင်းစီ၏ အသေးစိပ် ဆောင်ရွက် ထားရှိမှုအခြေအနေများကို ပြန်လည်ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

 

မက်မန်း(ပြန်/ဆက်)