ကျီခါးမြို့၌ စည်ပင်သာယာရေးလုပ်ငန်းဆိုင်ရာဆွေးနွေးပွဲကျင်းပ

ကျီခါး မတ် ၉

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ စည်ပင်ကော်မတီဝင်များနှင့် ဒေသခြံပြည်သူလူထုများတွေ့ဆုံ ပြီး စည်ပင်သာယာရေးလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၂) နာရီအချိန်က ကျီခါးမြို့ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။ 

ရှေးဦးစွာ ဆရာတော် ဦးဗွမ်းဆောင်းခုပ်က အဖွင့်ဆုတောင်းမေတ္တာပို့သပြီး ကျီခါးမြို့အုပ်ချုပ်ရေးမှူး ဦးနေဇော်အောင်က အမှာစကားပြောကြားသည်။ ထို့နောက် စည်ပင်အမှုဆောင်အရာရှိ ဦးကပ်ဆွင်းခွါရ် နှင့် စည်ပင်ဥက္ကဋ္ဌ ဦးဝုန်လမ့်ထွန်းတို့က ကျီခါးမြို့၌ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွား မည့် စည်ပင်လုပ်ငန်းဆိုင်ရာများကိုလည်းကောင်း၊ ပြည်သူလူထုများ လိုက်နာဆောက်ရွက်ရမည့် လုပ်ငန်းကိစ္စရပ်များနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရမည့် လုပ်ငန်းဆိုင်ရာများကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် စည်ပင်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဟန်ဆွင်းမုံက မြို့တွင်း ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းလျာထားချက်များကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။ 

ထိုသို့ ဆွေးနွေးရာတွင် စည်ပင်ဦးစီးဌာနမှ ဆောင်ရွက်ဆဲဖြစ်သော မြို့ရေပေးဝေရေးလုပ်ငန်းများနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် ကျီခါးမြို့အိမ်ခြေ(၄၇၈)အိမ်အား အိမ်အမှတ် ဘုတ်များ ဖြန့်ဝေထားရှိရေးလုပ်ငန်း၊ မြို့ဂုဏ်ဆောင် လွတ်လပ်ရေးကျောက်တိုင် စိုက်ထူမည့် လုပ်ငန်း နှင့် ကျီခါးမြို့ သဘာဝဆားထွက်နေရာ၌ ပန်းခြံပြုလုပ်မည့်လုပ်ငန်းများ၊ မြို့လယ်နာရီစဉ် အသစ် ပြင်ဆင်မွမ်းမံရေးလုပ်ငန်းနှင့် အခွန်ကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ပြည်သူလူထုများမှ ၎င်းတို့တွေ့ကြုံရသည့်အခက်အခဲများနှင့် အကြံပြုချက်များ တင်ပြဆွေးနွေးခဲ့ ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲသို့ ကျီခါးမြို့ပေါ်ရှိ ဌာနဆိုင်ရာများ၊ စည်ပင်ကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ လူငယ်အဖွဲ့မှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဆလိုင်းလိန်းမာန် (ပြန်/ဆက်)