မိုးညှင်း မတ် ၈
Gender Equality Network ၏ ကူညီထောက်ပံ့မှုဖြင့် မြို့နယ် တောင်သူလယ်သမားများအဖွဲ့မှ ဦးဆောင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် (၉:၃၀)အချိန်တွင် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ အုတ်ကျင်း ရပ်ကွက်ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှုရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ် တောင်သူလယ်သမားများ အဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်က ကြိုဆိုနှုတ်ခွန်း ဆက်စကား ပြောကြားပြီး Gender Equality Network မှ ဒေါ်ဆိုင်းဘူ (Coordinator)က အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားကာ မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဝင် ဒေါ်စုစုလှိုင်က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်ပေါ်လာရခြင်း အကြောင်းအရင်းများကို ရှင်းလင်းပြောကြားခဲ့ကြသည်။
“ရိုက်နှက်မှုအပြင် နှုတ်ဖြင့် သူတစ်ပါးနား မခံသာအောင် ပြောဆိုခြင်းသည်လည်း အိမ်တွင်း အကြမ်းဖက်မှု မြောက်တယ်၊ ဒီလိုဖြစ်စဉ်မျိုးတွေ တတ်နိုင်သမျှလျော့ချပြီး အပြန်အလှန် လေးစားမှုတွေ ထားရှိမယ်ဆိုလို ရှိရင် ငြိမ်းချမ်းတဲ့ လူဘောင်လောက တစ်ခုကို ဖန်တီးနိုင်မယ်၊ ဒါကြောင့် ကျွန်မတို့ အနေနဲ့ တစ်ဦးချင်း ဆောင်ရွက် ညီမျှမှုအတွက် ဆောင်ပုဒ်နဲ့ ဒီနေ့ အခမ်းအနား ကျင်းပခြင်းဖြစ်တယ်” ဟု ဒေါ်ဆိုင်းဘူက ယင်းအခမ်းအနားတွင် ပြောကြားသည်။
အဆိုပါ အခမ်းအနားသို့မြို့နယ် အတွင်းရှိ ကျေးရွာများမှ ရွာသူ/ရွာသားများ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ၊ အရပ်ဘက် အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)